မန်ကန် ၁ ဇွန်
ရှမ်းပြည်နယ်၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်ကန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ငှက်ကာကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း၌ ကလေးငယ်များ လူကုန်ကူးခံရမှု အန္တရာယ်မှ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောပွဲကို ဇွန် ၁ ရက် နံနက် ၁၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဥမ္မာချို(ဦးစီးမှူး)က မြို့နယ်အတွင်းရှိ အရွယ်မရောက်သေးသော ကလေးငယ်များ တစ်ဖက်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေခြင်းနှင့် ပတ်သက်၍ လူကုန်ကူးခြင်းဆိုင်ရာ အသိပညာ ဗဟုသုတများ သိရှိရန် လိုအပ်ကြောင်း၊ လူကုန်ကူးခံရခြင်း အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ကျေးရွာတာဝန်ရှိ ပုဂ္ဂိုလ်များမှ ဝိုင်းဝန်းပူးပေါင်း ဖြေရှင်းဆောင်ရွက်ရန်နှင့် လူကုန်ကူးခံရသည့် အခြေခံ အကြောင်းအရင်းများကို ဟောပြောခဲ့သည်။
ဟောပြောပွဲသို့ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ (၉၀)ဦး တက်ရောက်ခဲ့ပြီး ဒေသခံများမှလည်း သိရှိလိုသည်များကို မေးမြန်းရာ ရာအိမ်မှူး ဦးအိုက်ဆန်အောင်က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
မန်ကန်မြို့နယ် (ပြန်/ဆက်)