၂၂ ဩဂုတ်


၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၀) ပထမနေ့ကို ယနေ့ညနေပိုင်းက ပြန်လည်ကျင်းပရာ ရှမ်း ယူနိုက်တက်နှင့် ရန်ကုန်အသင်း နိုင်ပွဲရရှိခဲ့သည်။ MNL ပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါကြောင့် ငါးလကြာရပ်နားပြီးမှ ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ပြီး လက်ကျန်ပွဲအားလုံးတွင် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုသည့် လက်ခုပ်တီးဂုဏ်ပြုအစီအစဉ်ကို ပွဲမစမီပြုလုပ်သွားမည်ဖြစ်သည်။


သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းက Southern အသင်းကို တစ်ဂိုး-ဂိုး မရှိဖြင့် အနိုင်ရခဲ့သည်။ ကာလရှည်ပြိုင်ပွဲရပ်နားပြီးမှ ကစားရသည့်ပွဲဖြစ်သောကြောင့် နှစ်သင်းစလုံး ရုန်းကန် ခဲ့ရပြီး အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းမှာလည်း နိုင်ပွဲရရန် ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ပွဲပြီးခါနီးတွင် သွင်းယူသည့်ဂိုးကြောင့်သာ အမှတ်ပြည့်ရခဲ့ခြင်းဖြစ်သည်။


ရှမ်းယူနိုက်တက်အသင်းသည် အသင်းခေါင်းဆောင် သီဟစည်သူမှလွဲ၍ ဒေးဗစ်ဒန်း၊ နန္ဒကျော်၊ ဟိန်းသီဟဇော်၊ မာတူနာ၊ မက်ဆီမင်တို့ဖြင့် လူစုံအသုံးပြုခဲ့ပြီး ပြည်တွင်းကစားသမားများဖြင့် ဖွဲ့စည်းထားသည့် Southern အသင်းမှာလည်း ကောင်းစည်သူ၊ ပြည့်ဖြိုးအောင် (ဂိုး) စသည့်အမာခံများကို အသုံးပြုခဲ့သည်။ 


ရှမ်းယူနိုက်တက်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားသော်လည်း တိုက်စစ်တွင် အချိတ်အဆက် လွဲချော်နေသောကြောင့် ထိရောက်သည့်ဂိုးသွင်းခွင့်မရခဲ့ေပ။ Southern အသင်းသည် ရံဖန်ရံခါသာ ထိုးဖောက်နိုင်သော်လည်း ထိရောက်သည့်ဂိုးသွင်းခွင့်များရခဲ့ပြီး ဖြိုးညီညီလွင်၏ အပိုင်ကန်သွင်းချက်ကို ရှမ်းဂိုးသမား မျိုးမင်းလတ် ကာကွယ်နိုင်ခဲ့၍သာ ဂိုးမပေးခဲ့ရခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက တိုက်စစ်မြင့်လာသော်လည်း တိုက်စစ်ကစားပုံမှာ လိုအပ်ချက်များရှိနေသောကြောင့် Southern အသင်းခံစစ် လွယ်လွယ်ကူကူဖျက်ထုတ်နိုင်ခဲ့သည်။ ရှမ်းအသင်းသည် ကစားသမားများပြောင်းလဲကာ တိုက်စစ်မြင့်ခဲ့ပြီး ၈၁ မိနစ်တွင် နန္ဒကျော်က အနိုင်ဂိုးသွင်းယူခဲ့သည်။


YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက မကွေးအသင်းကို ခြောက်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ နာမည်ကြီးရန်ကုန်အသင်းသည် ဇယားထိပ်ပိုင်းမှ ဟံသာဝတီနှင့် ဧရာဝတီကို အမီလိုက်နိုင်ရန် အားထုတ်ခဲ့ပြီး ဂိုးဒါဇင်ဝက်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အသင်းသည် ၂၆ မိနစ်တွင် အဖွင့်ဂိုးရပြီးနောက်ပိုင်း ပွဲကိုထိန်းချုပ်သွားနိုင်ခဲ့ပြီး ပထမပိုင်းတွင်သုံးဂိုး၊ ဒုတိယပိုင်းတွင် သုံးဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အသင်းတွင် အသစ်ခေါ်ယူထားသည့် ကွင်းလယ်ကစားသမား ရန်နိုင်ဦးကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့သလို ဝါရင့်ကစားသမား ကြည်လင်းကလည်း နှစ်ဂိုးသွင်းယူခဲ့သည်။ ပြည်တွင်းကစားသမားများဖြင့် ဖွဲ့စည်းထားသည့် မကွေးအသင်းသည် ထူးထူးခြားခြားလုပ်မပြနိုင်ဘဲ အရေးနိမ့်ခဲ့ရသည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို ၂၆ မိနစ်တွင် ဘာဖို၊ ၄၁ မိနစ်တွင် မောင်မောင်လွင်၊ ၄၅ မိနစ်တွင် အီမန်နျူရယ်၊ ၇၂ မိနစ်တွင် ရန်ပိုင်စိုး၊ ၈၂၊ ၈၉ မိနစ်တွင် ကြည်လင်းတို့က သွင်းယူခဲ့သည်။


ပွဲစဉ် (၁၀) ဒုတိယနေ့ကို သြဂုတ် ၂၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ ရတနာပုံအသင်းနှင့် အားကာသိပ္ပံအသင်း၊ YUSC ကွင်း၌ ဧရာဝတီအသင်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်