ရိခေါ်ဒါရ် ၃၀ မေ
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၏ ဦးဆောင်မှုဖြင့် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ချောင်းရိုးတစ်လျှောက်ရှိ စည်းကမ်းမဲ့စွန့်ပစ်သည့် အမှိုက်သရိုက်များ၊ အညစ်အကြေးများကို မေ ၃၀ ရက် နံနက် ၈ နာရီတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမှိုက်သရိုက်များ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ချောင်းရိုး တစ်လျှောက်ရှိ စည်းကမ်းမဲ့စွန့်ပစ်သည့် အမှိုက်သရိုက်များ၊ အမြင်မသင့်တော်သည့် အညစ်အကြေးများ၊ မြက်ခင်းချုံနွယ်ပင်များကို လူအင်အား၊ စက်ကြီးအားများဖြင့် ဝိုင်းဝန်းစုပေါင်းရှင်းလင်းဆောင်ရွက်ခြင်းဖြစ်ပြီး အမှိုက်သရိုက်များကို အမှိုက်စွန့်ပစ်မည့် သတ်မှတ်နေရာသို့ စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့မြို့ဟာ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်မြို့တစ်ခုဖြစ်တာနှင့်အညီ နိုင်ငံတော်၏ မျက်နှာစာတစ်ခုလည်း ဖြစ်တယ်၊ နယ်စပ်ဒေသဆိုတော့ ကုန်စည်စီးဆင်းမှု၊ လူဝင်လူထွက် များပြားပြီး ပြည်တွင်းပြည်ပ ခရီးသွားများ ရောက်ရှိမှုများပြားသည့် နေရာတစ်ခုလည်း ဖြစ်တယ်။ အခုလို စည်းကမ်း မလိုက်နာဘဲ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သည့် ပြည်သူတချို့ကြောင့် ကျွန်တော်တို့မြို့ရဲ့ သန့်ရှင်းသာယာလှပမှု၊ မြို့အင်္ဂါရပ်သေသပ်မှုတွေ ပျက်စီးထိခိုက်လာနိုင်တယ်၊ ထို့ကြောင့် နယ်စပ်ချောင်းရိုးနဲ့ မြို့သန့်ရှင်းသာယာ လှပရေး ပျက်စီးစေနိုင်တဲ့နေရာတွေမှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိဖို့၊ ပြည်သူများ မိမိပတ်ဝန်းကျင်/ မိမိဒေသ သန့်ရှင်းသာယာလှပရေးကို အလေးထားဆောင်ရွက်တတ်ဖို့ အသိပညာပေးလုပ်ငန်းတွေကိုလည်း မကြာခဏ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ယနေ့မှစပြီး နယ်စပ်ချောင်းရိုးတစ်လျှောက်နှင့် အမြင်မသင့်တော် သည့်နေရာတွေမှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေး၊ အမှိုက်သရိုက်များကို သတ်မှတ်ထားသည့်နေရာသို့ စနစ်တကျစွန့်ပစ်နိုင်ရေး အထူးကြပ်မတ်ဆောင်ရွက်ဖို့နဲ့ အမှိုက်စွန့်ပစ်မှုနှင့် ပတ်သက်ပြီး စည်းကမ်းဖောက်ဖျက်မှုရှိလာပါက စည်ပင်သာယာရေးဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်သွားဖို့ စည်ပင်ဌာနနဲ့ စည်ပင်ကော်မတီကို ညွှန်ကြားထားပြီး ဖြစ်ပါတယ်” ဟု မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က ပြောသည်။
“ကျွန်တော်တို့ မြို့ပေါ်ရပ်ကွက်(၂)ခုအတွက် အမှိုက်သရိုက်များ စွန့်ပစ်မည့်နေရာ စနစ်တကျ သတ်မှတ်ထားပြီးဖြစ်တယ်။ အမှိုက်ကောက်သိမ်းခြင်းကိုလည်း တစ်ပတ်မှာ နှစ်ကြိမ် စည်ပင်ဌာနပိုင် အမှိုက်သိမ်းယာဉ်နဲ့ သိမ်းယူစွန့်ပစ်ထားပါတယ်။ ယခုလို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူ တစ်ချို့တွေကြောင့် ရပ်ကွက်အတွင်း သန့်ရှင်းသာယာလှပမှုကို ပျက်စီးစေပါတယ်။ ယနေ့ကစပြီး နယ်စပ်ချောင်းရိုးတစ်လှောက်မှာ အမှိုက်စွန့်ပစ်ခြင်း မပြုနိုင်အောင် အိမ်ကြားလမ်းကိုလည်း သံဇကာနဲ့ ပိတ်ပင်ကာရံထားပါတယ်။ စည်းကမ်းဖောက်ဖျက်ပြီး အမှိုက်စွန့်ပစ်သူတွေကို စည်ပင်သာယာရေးဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးကပ်ဆွင်းခွာလ်က ပြောသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်မှုတွင် မြို့အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်ကွက်ပြည်သူများ ပူပေါင်းပါဝင်ဆောင်ရွက်ကြပြီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ချောင်းရိုးတစ်လျှောက်ရှိ အမှိုက် သရိုက်များ၊ အညစ်အကြေးများ၊ ချုံနွယ်ပင်များ သန့်ရှင်းရေးဆောင်ရွက်သည့်အပြင် နယ်စပ်ချောင်းသို့ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ရန် သွားသည့်အိမ်ကြားလမ်းပေါက်များကိုလည်း နောက်ထပ်အမှိုက်စွန့်ပစ်ခြင်းမရှိစေရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့နှင့် စည်ပင်သာယာရေး ကော်မတီတို့မှ သံဇကာများဖြင့် ပိတ်ပင်ကာရံထားကြောင်း ရိခေါ်ဒါရ် ပြန်/ဆက်မှ သိရသည်။
MDN