ရန်ကုန် ၂၂  သြဂုတ် 


မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းနှင့် အမေရိကန်ကုန်သည်ကြီးများ အသင်းတို့ သဘောတူလက်မှတ်ရေးထိုးပွဲကို သြဂုတ် ၂၁ ရက်က နိုဗိုတယ်ဟိုတယ်၌ ကျင်းပခဲ့သည်။        

          
“ကျွန်တော်တို့မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းနဲ့ အမေရိကန် ကုန်သည်ကြီးများအသင်းတို့ သဘောတူစာချွန်လွှာ MoU တစ်ခုကို ဒီကနေ့မှာ လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။ဒီလို လက်မှတ်ရေးထိုးလိုက်တာကြောင့် အမေရိကန်ကုန်သည်ကြီးများ အသင်းရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ အတူ သင်တန်းတွေ ဖွင့်နိုင်မှာ ဖြစ်သလို အသင်းဝင်လုပ်ငန်းရှင်တွေ အချင်းချင်း ပိုမိုချိတ်ဆက် ဆောင်ရွက်နိုင်မှာဖြစ်တယ်” ဟု  မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ အောင်သူရက ပြောသည်။


“နောက်ပိုင်းကာလတွေမှာလည်း  မြန်မာနိုင်ငံထဲက  လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေကို ကူညီပံ့ပိုးပေးနိုင်တဲ့ စီးပွားဝန်းကျင်တစ်ခု ဖန်တီးချင်ပြီး  ကမ္ဘာနဲ့ပါ ယှဉ်ပြိုင်နိုင်တဲ့ လုပ်ငန်းတွေပေါ်ပေါက်လာဖို့ ပံ့ပိုးပေးချင်တယ်။ ဒီလိုတွေ ဖြစ်ပေါ်လာဖို့အတွက် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းနဲ့ အစိုးရတို့ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။   

ထို့ပြင် သြဂုတ် ၂၂ ရက်က ပြင်သစ်ကုန်သည်ကြီးများ အသင်းနှင့်လည်း MoU စာချုပ်တစ်ခု ထပ်မံလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။    


မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းသည် မွန်၊ ရှမ်း၊ မန္တလေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင် ဖွဲ့စည်းထားပြီး အသင်းအဖွဲ့ဝင် ၁၇၁၄ ဦးရှိကြောင်း သိရသည်။

 

အေကေလင်း