နေပြည်တော်  ၂၅  နိုဝင်ဘာ

မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။ 

အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဒုတိယဝန်ကြီး မစ္စတာ ကင်မ်ဂွန်း တို့က ဦးဆောင်ကျင်းပကြသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ ကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ ကိုရီးယားသမ္မတနိုင်ငံ၏ ပံ့ပိုးနေမှုအခြေအနေ၊ ရခိုင်ပြည်နယ်အခြေအနေ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပါအဝင် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာမျက်နှာစာတို့၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြသည်။ 

ထို့အပြင် ကိုရီးယားသမ္မတနိုင်ငံ၏ New Southern Policy Plus အရ အာဆီယံနိုင်ငံများနှင့် ကိုရီးယားသမ္မတ နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စနှင့် Employment Permit System (EPS) စနစ်ဖြင့် မြန်မာလုပ်သားများ ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရေးကိစ္စတို့နှင့် စပ်လျဉ်း၍ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဒုတိယဝန်ကြီး မစ္စတာ ကင်မ်ဂွန်း နှင့် ကိုယ်စားလှယ်အဖွဲ့အား Park Royal Hotel ၌ အလုပ်သဘောညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

သတင်းစဉ်