မြဝတီ ၇ ဇွန်
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင်းရှိ စေတီပုထိုးများအား ထိုင်းနိုင်ငံသားများမှ နေ့စဉ်နီးပါး ဘုရားဖူးလာရောက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြဝတီမြို့ ရွှေမြင်းဝန်စေတီတော်ကြီးအား ထိုင်းနိုင်ငံသားများ လာရောက်ဖူးမြော်လျက်ရှိကြောင်း သိရသည်။
"မြန်မာနိုင်ငံ မြဝတီမြို့အတွင်းက ဘုရားပုထိုးစေတီတွေဟာ အလွန်သပ္ပါယ်ပြီးကြည်ညိုစရာ ကောင်းပါတယ်။ အခု ကျွန်တော်တို့လာတာ၊ ဝန်ထမ်းတွေရော ပရဟိတအဖွဲ့တွေရော တာ့ခရိုင်အတွင်း (၉) မြို့နယ်က နေစုပေါင်းလာ ကြတာဖြစ်ပါတယ်။ ဖြစ်နိုင်ရင် မြဝတီမြို့ကနေ တစ်ဆင့် ကော့ကရိတ်၊ ဘားအံ၊ မော်လမြိုင်မြို့တွေမှာ ရှိတဲ့ဘုရား စေတီတွေနဲ့တကွ ကျိုက်ထီးရိုးနဲ့ ပုဂံဘုရားတွေကို သွားရောက်ဖူးမြော်ချင်ပါတယ်။ မြဝတီက ပြည်သူတွေ ထိုင်းကိုလာရင် ၆ ညအိပ် ၇ ရက်ခရီးကိုခွင့်ပြုထားတာကြောင့် တာ့ခရိုင်အတွင်းမှာရှိတဲ့ ၉ မြို့နယ် အတွင်း ဖုတ်ဖရာ့ မြို့နယ်၊ မယ်လမမြို့နယ်နဲ့ မဲဆောက်မြို့နယ်တွေကို မြန်မာတွေ သွားလာလည်ပတ်ခွင့်ရပေမဲ့ ကျွန်တော်တို့ ထိုင်းတွေကိုတော့ မြဝတီတစ်မြို့တည်းကိုသာ ခွင့်ပြုထားတာဖြစ်လို့ ၆ ညအိပ် ၇ ရက်အတွင်း ဘာအံ၊ မော်လမြိုင်နဲ့ ကျိုက်ထီးရိုးဘုရားတွေကို သွားခွင့်ရအောင် မြန်မာအစိုးရအနေနဲ့ ခွင့်ပြုပေးစေချင်ပါတယ်"ဟု ယနေ့မြဝတီသို့ လာရောက်လည်ပတ်သည့် ထိုင်းလူမျိုး တစ်ဦးက ပြောသည်။
အဆိုပါ ထိုင်းဘုရားဖူးအဖွဲ့သည် မြဝတီမြို့တွင်းရှိ ရွှေမြင်းဝန်ဘုရားနှင့် ရွှေတိဂုံပုံတူစေတီတော် တို့အား လှည့်လည်ဖူးမြော်ပြီး ညနေ ၄ နာရီခန့်တွင် မဲဆောက်သို့ ပြန်လည်ထွက်ခွာကြမည်ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)
