ရန်ကုန်   ၂၀  မေ 

 

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ခြောက်နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို ယနေ့ ညနေ ၅ နာရီကရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းရှိ Myanmar Sport Hotel ၌ကျင်းပသည်။ 

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံသည် ယခုအခါ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးမှ တစ်ဆင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကိုတိုးမြှင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့ကို မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းကဲ့သို့သော အသင်း များက ကူညီဆောင်ရွက် ပေးခြင်းဖြင့် နိုင်ငံတော်အတွက် အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

ထို့နောက် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် က (၆) နှစ် ပြည့်နှစ်ပတ်လည် အခမ်းအနားကျင်းပရခြင်းအကြောင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ 

 

ယင်းနောက် အလှူရှင်များကမြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)သို့ အလှူငွေများပေးအပ်လှူဒါန်းရာအသင်း (ဗဟို) နာယကဦးတင်ဦးက လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ 

 

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကိုကျင်းပရာ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)အတွင်းရေးမှူး ဦးစိုးမြင့်ထွန်းက နှစ်ပတ်လည် အစီရင်ခံစာကို ဖတ်ကြားပြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း မန္တလေး ၊ လားရှိုး-မူဆယ် ၊ မော်လမြိုင် ၊ တောင်ကြီးအသင်းခွဲများမှ တာဝန်ရှိသူများက အသင်း၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။ 

 

ထို့နောက် အသင်းငွေစာရင်းရှင်တမ်းအား တွဲဖက်ဘဏ္ဍာရေးမှူး ဒေါ်အေးသူက ရှင်းလင်းတင်ပြပြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဗဟိုဒုတိယဥက္ကဋ္ဌ ဦးမျိုးအောင် က ရှေ့လုပ်ငန်းစဉ်များအားချမှတ်ကြေငြာ၍ ဗဟိုဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က နိဂုံးချုပ် အမှာစကားပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

 

ယနေ့ကျင်းပသည့်အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီ အစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)နာယကများ နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြသည်။ 

 

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)သည် အသင်းစတင်ဖွဲ့စည်းပြီး သည်မှ စ၍ လူမှုရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားအစဉ်တစိုက် ဆောင်ရွက်ခဲ့ပြီးလူ့စွမ်းအားအရင်းအမြစ်များတိုးပွားရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပညာရေးကဏ္ဍ၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများတွင်လည်း ကူညီပံ့ပိုးမှုများ ဆောင်ရွက်ခဲ့သည့်အပြင် သဘာဝဘေးအန္တရာယ် ကျရောက်မှုများကိုလည်း အပြန်အလှန်ကူညီပေးလျက်ရှိသည်။

 

 (သတင်းစဉ်) 

 

DSC_09