မြစ်ကြီးနား   ဇန်နဝါရီ   ၁၃

 

ကချင်ပြည်နယ် ကန်ပိုက်တီဂိတ်မှတစ်ဆင့် မြန်မာ-တရုတ် ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပိုမိုချောမွေ့ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြန်မာ-တရုတ် ကုန်စည် ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်သည်။

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ်က “ကုန်စည်စီးဆင်းမှုများ ပြန်လည်စတင်နိုင်သော်လည်း ကုန်စည်စီးဆင်း သည့်နေရာတွင် နှစ်နိုင်ငံ ညှိနှိုင်းထားသည့် သဘောတူညီချက်အတိုင်း မျှမျှတတရှိစေရေးနှင့် လုပ်ငန်းများ ယခုထက် ပိုမိုချောမွေ့လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ရေရှည်ကာလအတွက် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် အခက်အခဲများကို ကြိုးပမ်းဖြေရှင်းနိုင်ရေး ကော်မတီအဖွဲ့ဝင်များအနေဖြင့် ပွင့်လင်းရင်းနှီးစွာ ဆောင်ရွက်စေလိုကြောင်း” မှာကြားသည်။

 

ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက မြန်မာ-တရုတ် ကုန်စည်ပြန်လည် စီးဆင်းနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ် ကုန်စည်ပို့ဆောင်ရေးအသင်း၊ ပြည်နယ် သီးနှံထုတ်လုပ်သူများအသင်း၊ ပြည်နယ် ကုန်သည်ကြီးများအသင်းနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက နယ်စပ် ကုန်စည်ပို့ဆောင်/တင်သွင်းရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအပေါ် ကိုဗစ်-၁၉ စစ်ဆေးဆောင်ရွက်မှုလုပ်ငန်းများ၊ ယာဉ်အဝင်/အထွက်အပေါ် ညှိနှိုင်းသဘောတူ ဆောင်ရွက် ထားရှိမှုများနှင့် သီးနှံများ အချိန်မီတင်ပို့ရာတွင် တွေ့ကြုံရသည့် အခက်အခဲလိုအပ်ချက်များကို အသီးသီး တင်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် နှစ်နိုင်ငံအရေး ကိစ္စရပ်များ ဖြစ်သည့်အတွက် ကော်မတီအဖွဲ့ဝင်များနှင့် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် အချင်းချင်းညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက်အတိုင်း ဆောင်ရွက်သွားနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဇန်နဝါရီ ၁၂ ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက်(၄၀) အထက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် Old Star ကလပ်အသင်းနှင့် ဝိုင်းမော်ကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြသည်။

 

 

ဗိုလ်လုပွဲတွင် Old Star ကလပ်အသင်းက ဝိုင်းမော်ကလပ်အသင်းအား နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတစ်လျှောက် နေရာအလိုက် အကောင်းဆုံး ကစားသမားဆုများကို ပြည်နယ်ဥပဒေချုပ်ကလည်းကောင်း၊ ဒုတိယဆုရရှိသော ဝိုင်းမော်ကလပ် အသင်းအား တစ်ဦးချင်းဆု ဆွဲပြားနှင့် ငွေသားဆုကို ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လည်းကောင်း၊ ပထမဆုရရှိသော Old Star ကလပ်အသင်းအား တစ်ဦးချင်း ဆုဆွဲပြားနှင့် ငွေသားဆုတို့အား ပြည်နယ် သယံဇာတရေးရာ ဝန်ကြီးကလည်းကောင်း၊ တံခွန်စိုက်ဒိုင်းဆုကို ပြည်နယ်ဝန်ကြီးချုပ်က လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)