မြစ်ကြီးနား           သြဂုတ်         ၃၁

 

ကချင်ပြည်နယ်ရှိ ကန်ပိုက်တီနယ်စပ်ဂိတ်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာ-တရုတ် ကုန်စည်စီးဆင်းရာတွင် သီးနှံတင်မော်တော်ယာဉ်များအား စနစ်တကျ စိစစ်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၃၁ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်ခဲ့သည်။

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကချင်ပြည်နယ် မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်း နိုင်ရေး လုပ်ငန်းကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က “နယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံသို့ မကြာမီကာလအတွင်း စိုက်ပျိုးရေးထုတ်ကုန် တစ်သျှူးငှက်ပျောနှင့် အခြားသီးနှံများ ကုန်စည်တင်/ပို့နိုင်ရေး လုပ်ငန်းများ စတင်တော့မည်ဖြစ်ကြောင်း၊ ကုန်စည်တင်ပို့မည့် ယာဉ်များအား စနစ်တကျစိစစ်ဆောင်ရွက်သွားရေး၊ ဒေသခံလုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေး၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီ စည်းကမ်းတကျ လိုက်နာဆောင်ရွက်ရေး၊ ကြိုတင်ပြင်ဆင် ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စရပ်များအပေါ် ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်ကြရေး၊ နိုင်ငံတော်အခွန်ငွေ အပြည့်အဝရရှိရေးတို့အတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” တိုက်တွန်းမှာကြားသည်။ ထို့နောက် ပြည်နယ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက နှစ်နိုင်ငံ ညှိနှိုင်းပေါင်းစပ်ပေးရမည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။

           

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နှစ်နိုင်ငံကုန်စည်စီးဆင်းရာတွင် မျှမျှတတဖြင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာပြီး ကိုဗစ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ မော်တော်ယာဉ်များ စနစ်တကျဖြင့် စိစစ်သွားရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။

 

အလားတူ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့သည် မြစ်ကြီးနားပြည်သူ့ဆေးရုံ၌ လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် လက်မောင်းသေနတ်မှန် ဒဏ်ရာဖြင့် ဆေးဝါးကုသမှုခံယူနေသော ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ယာဉ်မောင်းဝန်ထမ်းအား ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေကျပ် ငါးသိန်း၊ ပြည်နယ်ဝန်ကြီးများက တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ရှစ်သိန်းနှင့် ခတ်ချိုကျေးရွာမှ မိုင်းထိဒဏ်ရာရရှိသော အမျိုးသမီးအား ပြည်နယ်ဝန်ကြီးများက စုစုပေါင်း ထောက်ပံ့ငွေကျပ် လေးသိန်းကို ထောက်ပံ့ပေးအပ်ကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

ပြည်နယ်(ပြန်/ဆက်)