နေပြည်တော် ၂၆ ဩဂုတ်
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချောမွေ့သော ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို ဩဂုတ် ၂၅ ရက်တွင် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM)၊ အာရှရေးရာဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့တို့က Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းနှင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu နှင့် ကိုယ်စားလှယ် (၃)ဦးတို့သည် နေပြည်တော်မှလည်းကောင်း၊ တရုတ်နိုင်ငံဘက်မှ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM)၊ အာရှရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yang Weiqun နှင့် ကိုယ်စားလှယ် (၁၂)ဦးတို့သည် ပေကျင်းမြို့မှလည်းကောင်း Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် နယ်စပ်ဒေသ၌ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံအဆောက်အဦများ အဆင့်မြှင့်တင်ရေး၊ နယ်စပ်ကုန်သွယ်မှုအများဆုံး ဆောင်ရွက်လျက်ရှိသည့် မူဆယ်-ရွှေလီဒေသ၌ ယာဉ်ကြောကြပ်တည်းမှုအား နှစ်ဘက်အတူတကွ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရေး၊ နယ်စပ်ဒေသမှ ဆန်၊ ပြောင်း၊ သစ်သီးဝလံများနှင့် ရေထွက်ကုန်များ ပိုမိုလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် အဓိကတာဝန်ယူဆောင်ရွက်နေသည့် ယူနန်ပြည်နယ်နှင့် အနီးကပ်ညှိနှိုင်း ဆောင်ရွက်ရေး၊ ဘိန်းအစားထိုးသီးနှံနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် ငါးနှစ်ဖွံ့ဖြိုးမှုစီမံကိန်း (Five-Year Development Program for Economic and Trade Cooperation) အား နှစ်ဘက်သက်ဆိုင်ရာဌာနများမှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသတွင်းကုန်သွယ်မှုအတွက် ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် မြန်မာနိုင်ငံမှထွက်ရှိသည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ သစ်သီးဝလံများနှင့် ရေထွက်ကုန်ပစ္စည်းများ လွယ်ကူစွာတင်ပို့နိုင်ရန်အတွက် နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် ရောဂါပိုးမွှားကင်းစင်ရေးဆိုင်ရာ သဘောတူစာချုပ်များ အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေး၊ မြန်မာနိုင်ငံမှ တင်ပို့လိုသည့် ကုန်စည်အမယ်အသစ်များအား ဦးစားပေးအမယ်အလိုက် စာရင်းပြုစု၍ တရုတ်နိုင်ငံ၊ GACC သို့ပေးပို့သွားရန်နှင့် GACC မှ အမြန်ဆုံး ဦးစားပေးဆောင်ရွက်သွားရန် ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား သဘောတူထားပြီးဖြစ်သည့် ဟိုဆောင်အမှတ်(၄)ဂိတ်နှင့် ကျိန်စမ်းကျော့ (မန်းမန်-နွမ်းရင်)ဂိတ်တို့အား အပြန်အလှန်ဖွင့်လှစ်နိုင်ရေး၊ နယ်စပ်ဂိတ်အခြေခံအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပိုမိုတိုးတက်စေရေးအတွက် 3rd CIIE, 17th CAEXPO အပါအဝင် ကုန်စည်ပြပွဲများကို ပူးပေါင်းဆောင်ရွက်သွားရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်စေရေးအတွက် နှစ်ဘက်ကုန်သည်များအကြား တွေ့ဆုံညှိနှိုင်းဆောင်ရွက်သွားရန်၊ ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများအား အပြန်အလှန်ကျင်းပရေး၊ နှစ်နိုင်ငံအကြား e-Commerce ဆိုင်ရာ MOU တစ်ရပ်အား မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးနိုင်ရေးနှင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ဘဏ်ငွေကြေးဆိုင်ရာလုပ်ငန်းများ လွယ်ကူချောမွေ့စေရေးအတွက် သက်ဆိုင်ရာဗဟိုဘဏ်များအကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အသေးစိတ်ဆွေးနွေးခဲ့ကြပြီး ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း ကျင်းပဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။
ယခုအစည်းအဝေးကျင်းပရခြင်းမှာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်သည့်ကာလအတွင်း ဇန်နဝါရီ ၁၈ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM) ဝန်ကြီး Mr. Zhong Shan တို့ လက်မှတ်ရေးထိုးခဲ့ကြသော ချောမွေ့သောကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ တည်ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာအရဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


