နေပြည်တော် ၂၈ မေ
မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း Belt and Road Initiative (BRI) တွင် မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်နေမှု၊ မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် (BECZ) ဗဟိုကော်မတီနှင့် EOI ခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု၊ ပြည်နယ်အစိုးရများမှတစ်ဆင့် ပုဂ္ဂလိက ကုမ္ပဏီများမှ အဆိုပြုလာသော ဒေသန္တရဇုန်များ တည်ဆောက်ခြင်းဆိုင်ရာ ကိစ္စရပ်များဟူ၍ အပိုင်း(၃)ပိုင်းဖြင့် ရှင်းလင်းပြောကြားမည်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလမ်းကြောင်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တရုတ်နိုင်ငံမှ ကြီးမှူးဆောင်ရွက်နေသော ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင်လည်း မြန်မာနိုင်ငံမှ သဘောတူလက်မှတ်ရေးထိုးပြီး ပါဝင်ဆောင်ရွက်နေပါကြောင်း။
မြန်မာတရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များ၏ တည်နေရာများအဖြစ် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ ချင်းရွှေဟော်၊ ကချင်ပြည်နယ်၊ ကန်ပိုက်တီးတို့အား ရွေးချယ်ထားရှိမှုတို့ကို ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေး၌ သဘောတူညီခဲ့ပါကြောင်း၊ မူဆယ်နယ်စပ်စီးပွားရေးဇုန် တည်ဆောက်ရာတွင် မူဆယ်(ဟိုဆောင်) - ကျယ်ဂေါင်ကို Core Zone အဖြစ်လည်းကောင်း၊ ကြူကုတ်(ပန်ဆိုင်း) - ဝမ်တိန် - နွမ်ရင်(ကျိန်စမ်းကျော့) - မန့်မန် (ရွှေလီ) တို့အား Export Product Manufacturing Processing and Warehouse Area များ အဖြစ်လည်းကောင်း၊ ဆယ်လန့် (မန်ဟီးရိုး) - ဆယ်လင်းနှင့် နမ့်ခမ်း - နောင်တောင်းတို့ကို Import Processing and Warehouse Area များအဖြစ်လည်းကောင်း ဖွဲ့စည်းတည်ထောင်သွားရန် လျာထားပါကြောင်းနှင့် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် (BECZ) တည်ထောင် အကောင်အထည်ဖော်ခြင်းကိုလည်း နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ တည်ဆဲဥပဒေများနှင့်အညီ စနစ်တကျ တည်ထောင်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့က မိမိတို့ပြည်နယ်များအတွင်း စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုများအား ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ဗဟိုကော်မတီအဖွဲ့ အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၊ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်နှင့် တာဝန်ရှိသူများက လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်