မန္တလေး  ၄  ဇူလိုင်


မြန်မာ- တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ တရုတ်နိုင်ငံသို့  ခြောက်နှစ်အတွင်း သဘာဝဓာတ်ငွေ့ ၂၂ ဒသမ ၁ ဘီလီယံ ကုဗမီတာ ပို့လွှတ်ထားပြီ ဖြစ်ကြောင်း SEAGP နှင့် SEAOP ကုမ္ပဏီမှ သိရသည်။


တံတားဦးမြို့နယ် ၊ ရန်ကုန်- မန္တလေး အမြန်လမ်းဘေးရှိ SEAGP နှင့် SEAOP ကုမ္ပဏီတွင် ယနေ့ကျင်းပ ပြုလုပ်သည့် ထူးချွန်မြန်မာဝန်ထမ်းများအား ဂုဏ်ပြပြုပွဲ အခမ်းအနားတွင် အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်များအရ သိရသည်။


စီမံကိန်းလျာထားချက်အရ မြန်မာ- တရုတ်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံ ပို့ဆောင်နိုင်ရန် လျာထားသည်။ 


" ၆ နှစ်အတွင်း မြန်မာ- တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှ တရုတ်နိုင်ငံ ကို သဘာဝဓာတ်ငွေ့ ၂၂ ဒသမ ၁ ဘီလီယံ ကုဗမီတာ ပို့လွှတ်ထားပြီးဖြစ်ပါတယ်''ဟု  SEAOP ဥက္ကဌ မစ္စတာ ကျန်းချန် ကပြောသည်။ 


မြန်မာ- တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် စတင်လည်ပတ်ခဲ့ပြီး နိုင်ငံပေါင်း လေးနိုင်ငံမှ ကုမ္ပဏီ ၆ ခုတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်သည့် စီမံကိန်းတစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံမှ CNPC ကုမ္ပဏီ ၊ မြန်မာနိုင်ငံမှ MOGE ကုမ္ပဏီ ၊ ကိုရီးယားနိုင်ငံမှ DAEWOO International ကုမ္ပဏီ ၊ KOGAS ၊ ONGC Caspian E & P B.V ၊ GAIL စသည့် ကုမ္ပဏီ ပူးပေါင်းပြီး အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ ကုမ္ပဏီ  (SEAGP ) ကိုထူထောင်ကာ စီမံကိန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် တရုတ်ရေနံ ကော်ပိုရေးရှင်း အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ထားသည့် အရှေ့တောင်အာရှ ရေနံပိုက်လိုင်း ကုမ္ပဏီ SEAOP က ရေနံစိမ်း ပိုက်လိုင်းကို အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။ 


မြန်မာ- တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းမှစတင်ဆောင်ရွက်ခြင်းဖြစ်ပြီး ရေနံစိမ်းပိုက်လိုင်းကို မဒေကျွန်းမှ စတင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။


သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှာ ကျောက်ဖြူ ၊ ရေနံချောင်း ၊ တောင်သာ ၊ မန္တလေးတိုမှ ဖြတ်သန်းဆောင်ရွက်ထားခြင်း ဖြစ်သည်။ 


မြန်မာနိုင်ငံ ကိုပိုက်လိုင်းဖြတ်သန်းခအဖြစ် တစ်နှစ်ကို  အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈ သန်း ပေးသွင်းပြီး ရေနံ တစ်တန်လျှင် Transit Fee အဖြစ် အမေရိကန် တစ်ဒေါ်လာနှုန်း ပေးသွင်းကြောင်း သိရသည်။ 

 

အိမို့မို့ခိုင်

 

1