မူဆယ် ၃၀ မေ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ဝင်/ထွက်ဂိတ် နန်းတော်ဂိတ်(တရုတ်နိုင်ငံဖက်ခြမ်း)၊ မြန်မာ-တရုတ်ချစ်ကြည်ရေးစင်တာ၊ အစည်းအဝေးခန်းမ၌ မေ ၂၉ ရက် ညနေ ၃ နာရီခွဲအချိန်တွင် နှစ်နိုင်ငံ ဝင်/ထွက်ဂိတ်များ တိုးချဲ့ဆောင်ရွက်မှုနှင့် ပတ်သက်၍ မူဆယ်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးဥက္ကာဦးဆောင်သည့် တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံရွှေလီမြို့၊ ဒုတိယမြို့တော်ဝန်မစ္စတာဝမ်ယီ ဦးဆောင်သည့် နှစ်နိုင်ငံတာဝန်ရှိသူများ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုပြုလုပ်သည်။
တွေ့ဆုံပွဲတွင် အဝင်/အထွက်သွားလာရေး အဆင်ပြေချောမွေ့ရန်အတွက် နှစ်နိုင်ငံ ဝင်/ထွက်ဂိတ်(ဆင်ဖြူဂိတ်)တွင် စာအုပ်နှင့် TBP တို့ဖြင့် ဝင်/ထွက်ရန် ဂိတ်ပေါက်(၄)ပေါက်၊ စမတ်ကတ်ဖြင့် ဝင်/ထွက်နိုင်ရန် ဂိတ်ပေါက်(၃)ပေါက် စုစုပေါင်း(၇)ပေါက်အား စီစဉ်ဆောင်ရွက်နေကြောင်း၊ ယခုလက်ရှိတွင် ပစ္စည်းနှင့်ခရီးဆောင်အိတ်များအား X-Ray စက်များဖြင့် စစ်ဆေးမှုများကြောင့် ကြန့်ကြာမှုများရှိနေပြီး ဂိတ်သစ်များ တိုးချဲ့ဖွင့်လှစ်ပါက လူသီးသန့်၊ ခရီးဆောင်အိပ်နှင့်ပစ္စည်းများ သီးသန့်စီ လျှင်မြန်စွာဝင်/ထွက် သွားလာနိုင်ရန်အတွက် စီစဉ်လျက်ရှိပါကြောင်း၊ လက်ရှိကြုံတွေ့နေရသည့် အဝင်/အထွက်သွားလာနိုင်ရေး အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေမှုများကို တရုတ်နိုင်ငံဘက်မှ အလေးထားဆောင်ရွက်လျှက်ရှိနေပါကြောင်း၊ ယခုဂိတ်သစ်များတိုးချဲ့ဆောင်ရွက်မှုများကို ဇွန်လအတွင်း စတင်အသုံပြုနိုင်မည်ဖြစ်ကြောင်းနှင့် အဝင်/အထွက်မြန်ဆန်မှုမှာ ၅၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဘက်မှ ဆွေးနွေးသည်။
ကုန်တင်ယာဉ်ကြီးများအား ကျိန်စန်းကျော့ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်ပြီး (ကုန်မဲ့) ကုန်တင်ယာဉ်ကြီးများကို မူဆယ်မြို့သို့ ပြန်လှည့်ရန်မလိုတော့ဘဲ ကျင်စန်းကျော့-ရွှေလီလမ်းကြောင်းအတိုင်း ဝင်ရောက်ခွင့်ရရှိနိုင်ရေးအခြေအနေနှင့် ဝင်/ထွက်သွားလာနေသည့် ကုန်တင်ယာဉ်ကြီးများ၏ တရုတ်နိုင်ငံဖက်မှ အခွန်ကောက်ခံမည့် တန်ဖိုးနှုန်းများကို တရားဝင်စာဖြင့် အသေးစိတ် အကြောင်းပြန်ကြားစေလိုကြောင်း၊ သုံးဘီးယာဉ်များကို မန့်ဝိန်းဂိတ်တစ်ခုထဲ၌သာ ဝင်ရောက်ခွင့်ပြုသည့်အတွက် မူဆယ်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများကြုံတွေ့နေရပြီး ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်တွင် သုံးဘီးယာဉ်များကို နှစ်ဂိတ်မျှ၍ ဝင်/ထွက်ခွင့်ပြုစေလိုကြောင်း၊ မေ ၂၂ ရက်တွင် မြန်မာနိုင်ငံသား ဦးဇော်မင်းနိုင်နှင့် ဦးသန်းဌေးနိုင်တို့အား တရုတ်နိုင်ငံ၊ တရုတ်လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ အကြောင်းမဲ့ဖမ်းဆီးပြီး ကိုယ်ထိလက်ရောက်ပြုမှုများကို စိစစ်အကြောင်းကြားပေးရန် ညှိနှိုင်းမှုအပေါ် ဖြစ်စဉ်အမှန်အား သိရှိလိုပါကြောင်း၊ မြန်မာ-တရုတ် ဝင်/ထွက်ဖြစ်သည့် ကျင်စန်းကျော့ဂိတ်နှင့် ဝမ်တိန်ဂိတ်များ၏ ယာဉ်များ ဝင်/ထွက်သွားလာမှုအခြေအနေများကို (၁၀၅)မိုင်ကုန်သွယ်ရေးဇုန် OSSအဖွဲ့များဖြင့် ဝင်ရောက်လေ့လာလိုပါက အကန့်အသတ်မရှိ လာရောက်လေ့လာနိုင်ပါကြောင်း၊ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အတွင်း ကုန်ပစ္စည်းသိုလှောင်ဇုန်များနှင့် စူပါမားကစ်များ လာရောက်ဖွင့်လှစ်လိုပါက ဖိတ်ခေါ်ပါကြောင်းနှင့် နှစ်နိုင်ငံ ဝင်/ထွက်ဂိတ်များ တိုးချဲ့ဖွင့်လှစ်မည်ဆိုပါက နှစ်နိုင်ငံရရှိမည့် အကျိုးကျေးဇူးများကို မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် တရုတ်နိုင်ငံ တာဝန်ရှိသူများ ပူးပေါင်းဆွေးနွေးညှိနှိုင်းပြီး အကြောင်းပြန်ကြားစေလိုပါကြောင်း မြန်မာနိုင်ငံ၊ မူဆယ်မြို့တာဝန်ရှိသူဖက်က ပြန်လည်ဆွေးနွေးသည်။
နှစ်နိုင်ငံဝင်/ထွက်ဂိတ်များဖြစ်သည့် နန်းတော်ဂိတ်နှင့်ဆင်ဖြူဂိတ်များတွင် တရုတ်နိုင်ငံဘက်မှ ဝင်/ထွက်ချိန်တိုးမြှင့်သတ်မှတ်နိုင်ရေးအား မေးမြန်းမှုအပေါ် တရုတ်နိုင်ငံဘက်မှ နှစ်နိုင်ငံ ဝင်/ထွက်ဂိတ်များ တိုးချဲ့ဆောင်ရွက်ဖွင့်လှစ်သွားမည်ဖြစ်သည့်အတွက် ဝင်/ထွက်သွားလာမှု အဆင်ပြေချောမွေ့ တော့မည်ဖြစ်ကြောင်းနှင့် မန့်ဝိန်းဂိတ်ကို မြန်မာစံတော်ချိန် ည ၁၀ နာရီ အချိန်အထိ တိုးမြှင့်ဖွင့်လှစ်ပေးပါကြောင်း၊ ကုန်တင်ယာဉ်ကြီးများအား ကျိန်စန်းကျော့ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်ပြီး (ကုန်မဲ့) ကုန်တင်ယာဉ်ကြီးများကို မူဆယ်မြို့သို့ ပြန်လှည့်ရန်မလိုတော့ဘဲ ကျင်စန်းကျော့-ရွှေလီလမ်းကြောင်းအတိုင်း ဝင်ရောက်ခွင့်ရရှိနိုင်ရန်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ကုန်တင်ယာဉ်ကြီးများအား အဝင်/အထွက်ဂိတ်များတွင် တစ်ကြိမ်လျှင်(၇)ရက်ကြာအသုံးပြုနိုင်မည့် မော်တော်ယာဉ်အာမခံ အချက်အလက်များပြုလုပ်ရမည်ဖြစ်ပြီး အာမခံကြေးမှာ ကုန်တင်ယာဉ်တစ်စီးလျှင် တရုတ်ငွေ(၃၅)ယွမ် ပေးဆောင်ရမည်ဖြစ်ကြောင်းနှင့် ယခုဆွေးနွေးချက်များကို မြန်မာနိုင်ငံဖက်ရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် မီဒီယာများမှတစ်ဆင့် ကြော်ငြာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)