နေပြည်တော် ၂၆  ဇူလိုင် 
    

မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် (BECZ) တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဉီးစွာ မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များ တည်ထောင်အကောင်အထည်ဖော်ရာတွင် နှစ်နိုင်ငံညှိနှိုင်းမှုအရ မူဆယ်-ရွှေလီ-ကျယ်ခေါင်ကို ဦးစားပေးတည်ထောင်ရန်ဖြစ်သော်လည်း တရုတ်နိုင်ငံဘက်ခြမ်း တွင် လျာထားတည် နေရာ (၃)ခုစလုံး အခြေခံအဆောက်အဦများ အဆင်သင့်နီးပါးဖြစ်နေမှုကို တွေ့ရှိရပါ ကြောင်းနှင့် မိမိတို့ဘက်ခြမ်းတွင် မြေနေရာအသုံးပြုခွင့်ရရှိရေးနှင့် လမ်းပန်း ဆက်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားကြရန်ဖြစ်ကြောင်း၊ 


မြေနေရာရွေးချယ်ရာတွင် နှစ်နိုင်ငံနယ်စပ်နယ်နိမိတ်မျဉ်း အတည်ပြုသတ်မှတ်ထားပြီး ဖြစ်၍ အရေးကြီးသကဲ့သို့ လမ်းပန်းဆက်သွယ်မှုမှာလည်း မြို့၊ ရွာ၊ ရပ်ကွက်၊ ကျေးရွာများ ထိခိုက်ပျက်စီးမှု မရှိစေရေးနှင့် ယဉ်ကျေးမှုထိခိုက်ပျက်စီးမှု မရှိစေရေး အလေးထားဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဒေသခံများ၏ မူလစိုက်ပျိုးထုတ်လုပ်မှုလျှော့နည်းကျဆင်းမှု မရှိစေရေးနှင့် လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးနစ်နာမှု အနည်းဆုံးဖြစ်စေရေးအတွက် နယ်စပ်စီးပွားရေးဇုန် လျာထားနေရာနှင့် မလွတ်ကင်း၍ မဖြစ်မနေပြောင်းရွှေ့ပေးရန် လူနေအိမ်နှင့် စိုက်ပျိုးမြေများ အတွက် သင်တင့်မျှတသည့် မြေယာလျော်ကြေးအပြင် မြေယာအစားထိုးပေးအပ်နိုင်ရေး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
    

မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် (မြန်မာဘက်ခြမ်း) တည် ထောင်အကောင်အထည်ဖော်ရေးဆောင်ရွက်ရာတွင်အရေးအကြီး အချက်များဖြစ်သည့် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်ခြင်း၊ နှစ်နိုင်ငံ နယ်စပ်နယ်နိမိတ်မျဉ်း အတည်ပြုသတ်မှတ်ပြီးဖြစ်ခြင်း မြေ အသုံးချခွင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့အား မှန်မှန်ကန်ကန် ညှိနှိုင်းဖြေရှင်းပြီးမှသာ E.O.I ခေါ် ယူခြင်း၊ စိစစ်ရွေးချယ်ခြင်းလုပ်ငန်းများ အပ်နှံအကောင်အထည်ဖော်ခြင်းတို့အား ဆက်လက် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားသည်။
    

ထိုနောက် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့က မိမိတို့ပြည်နယ်အတွင်း နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အခြေအနေများ၊ ပြည်နယ်အတွင်း ဆောင်ရွက်လိုသည့် စီးပွားရေးဇုန်ကိစ္စရပ်များအား ရှင်းလင်း ဆွေးနွေးကြသည်။
    

ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးမှ လောက်ကိုင်မြို့ (BP.125) နယ်ခြားမှတ်တိုင်၊ နယ်စပ်ကုန်သွယ်ရေးစခန်းများ အား ကြည့်ရှုစစ်ဆေးခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး သည်။
    

ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများက မိမိတို့ သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြီး သက်ဆိုင်ရာများနှင့်ညှိနှိုင်းပေါင်းစပ်ပေးသည်။
    

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မွန်းလွဲ ၂နာရီတွင်  တောင်ကြီး-ဟိုပုံး ကားလမ်းဘေးရှိ ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ရုံးခန်းမတွင်ကျင်းပသည့် ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တက်ရောက်လာကြသော ကုန်သည်လုပ်ငန်းရှင်များ၏ တင်ပြချက်များ၊ တွေ့ကြုံရသည့် အခက်အခဲများအား ပြန်လည်ဆွေးနွေးညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရ သည်။  


သတင်းစဉ်