နေပြည်တော် ဇွန် ၂၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Buryatia ပြည်နယ်သို့ တရားဝင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် Buryatia ပြည်နယ် ပြည်နယ်အကြီးအကဲ H.E. Mr. Alexey Sambuevich Tsydenov က ဂုဏ်ပြု ညစာဖြင့် တည်ခင်းဧည့်ခံသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ညစာစားပွဲနေရာသို့ ရောက်ရှိကြရာ Buryatia ပြည်နယ် ပြည်နယ်အကြီးအကဲ၊ ဒုတိယ ပြည်နယ်အကြီးကဲနှင့် တာဝန်ရှိသူ များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ညစာစားပွဲကို စတင်ကျင်းပပြုလုပ်ရာ Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲက နှုတ်ခွန်းဆက်စကားပြောကြားရာ၌ အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား Buryatia ပြည်နယ်မှ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် နေရာဒေသချင်း အလှမ်းကွာ ဝေးသော်လည်း ရင်ဘတ်ချင်း နီးကြပါကြောင်း၊ ကိုးကွယ်ရာ ဘာသာတရားချင်းလည်း တူညီမှု ရှိကြပြီး အခြေခံဘာသာတရား တူညီနီးစပ်မှုမှအစပြု၍ လူမှုရေး၊ စီးပွားရေးဆိုင်ရာတို့တွင် ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုကဲ့သို့ မိမိတို့ Buryatia ပြည်နယ်သို့ လာရောက်မှုအတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကား ပြန်လည်ပြောကြားရာတွင် မိမိအနေဖြင့် Buryatia ပြည်နယ်သို့ တတိယအကြိမ်မြောက် ရောက်ရှိခြင်း ဖြစ်ပြီး သာယာလှပသည့် Buryatia ပြည်နယ်သို့ ရောက်ရှိသည့်အချိန်တိုင်း စိတ်ချမ်းသာမိပါကြောင်း၊ ဗုဒ္ဓဘာသာကို အများစုကိုးကွယ်သည့်ပြည်နယ်ဖြစ်ပြီး မိမိတို့နိုင်ငံနှင့် စိတ်သဘောထားချင်း ပိုမို တိုက်ဆိုင်မှုရှိကြောင်း၊ ဘာသာရေးဆိုင်ရာ ကူးလူးဆက်ဆံဆောင်ရွက်မှုအနေဖြင့် ၂၀၁၅ ခုနှစ် ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါးရှိပြီဖြစ်ကြောင်း။
ပူးပေါင်းဆောင်ရွက်
ဘာသာရေးဆိုင်ရာ ဆက်ဆံဆောင်ရွက်မှုများအပြင် သိပ္ပံနှင့် နည်းပညာဆိုင်ရာ၊ စက်မှု နည်းပညာ ဆိုင်ရာနှင့် အခြားနယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိပြီး ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အဆွေတော်တို့ Burya-tia ပြည်နယ်အပါအဝင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံနှင့်အတူ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကုန်သွယ်ရေး အစရှိသည့်နယ်ပယ် ကဏ္ဍအသီးသီးတွင် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆွေတော် Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများ အားလုံးကျန်းမာချမ်းသာ၍ အဆင်ပြေ ချောမွေ့ပါစေကြောင်းကို ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
အကအလှများဖြင့်ဖျော်ဖြေတင်ဆက်
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် Buryatia ပြည်နယ် ပြည်နယ်အကြီးအကဲနှင့် တာဝန်ရှိသူများနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာ သုံးဆောင်နေစဉ် အတွင်း Buryatia ပြည်နယ်၊ အမျိုးသားကဇာတ်ရုံမှ ရိုးရာအက အလှအဖွဲ့များက တေးသံသာများ၊ အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်
ညစာ သုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် Buryatia ပြည်နယ် ပြည်နယ်အကြီးအကဲတို့သည်လည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ဇနီးနှင့် ပြည်နယ်အကြီးအကဲတို့၏ ဇနီးသည်လည်းကောင်း အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အမျိုးသားကဇာတ်ရုံမှ ရိုးရာအကအလှ အဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်