နေပြည်တော် စက်တင်ဘာ ၁၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု လွှတ်တော်ရုံး၊ သဘင်ဆောင်ခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ အမြဲတမ်းအတွင်းဝန်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ဆက်လက် ကျင်းပရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများတက်ရောက်၍ ကော်မရှင်ရုံးခွဲ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့်မော်လ မြိုင်ရုံးများမှ အရာထမ်း၊ အမှုထမ်းများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက မြန်မာအီလက်ထရောနစ်မဲ ပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ် တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ အရာထမ်း၊ အမှုထမ်း (၉၀၃) ဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်း (၃၀၀) တို့က မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ကြသည်။
Myanmar Electronic Voting Machine (MEVM) စက်ကို ကျင်းပမည့်ရွေးကောက်ပွဲများ တွင် အသုံးပြုဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်သည့်အပြင် နည်းပညာခေတ်၌ ဒီမိုကရေစီစံနှုန်းများနှင့်အညီ အဆင့်အတန်းပြည့်မီသော ရွေးကောက်ပွဲများကို လွတ်လပ်မှု၊ တရားမျှတမှု၊ ဂုဏ်သိက္ခာရှိမှုတို့ဖြင့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


