နေပြည်တော် ၁၅ မေ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဖွင့်လှစ်ခဲ့သည့် မြန်မာအက အခြေခံ ကဗျာလွတ်အက (ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၁၉) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် ၃၅ ရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။ 

 

2018

 

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပညာရေးဝန်ကြီးဌာနမှ  တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် အခြေခံပညာကျောင်းများမှ သင်တန်းသား/သူ ဆရာ/မများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး)မှ သင်တန်းသူ (ဝန်ထမ်း)များ တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သင်တန်းဆင်း အမှာစကား ပြောကြားသည်။  

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးကဗျာလွတ်အကတွင် ပထမဆုရရှိသော မကွေးတိုင်းဒေသကြီး၊ ဒုတိယဆုပူးတွဲရရှိသော ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်၊ တတိယဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးနှင့် နှစ်သိမ့်ဆုများရရှိသော ကချင်ပြည်နယ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး)၊ ကရင်ပြည်နယ်နှင့် အမျိုးသားကဗျာလွတ်အကတွင် ပထမဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးမှ ဦးဝေယံထွန်း၊ ဒုတိယဆုရရှိသော ကရင်ပြည်နယ်မှ ဦးစောကံထူးနှင့် တတိယဆုရရှိသော ဦးသက်ဝေထူးတို့အား ဆုများချီးမြှင့်ခဲ့ပြီး သင်ကြားပြသပေးသည့် နည်းပြဆရာ/ဆရာမများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးကြည်မင်းက သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ပြီး သင်တန်းသား/သူများ ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။  

ယင်းနောက် အခြေခံကဗျာလွတ်အက (ပထမအဆင့်)ပြိုင်ပွဲတွင် ပထမဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးမှ သင်တန်းသားနှင့် မကွေးတိုင်းဒေသကြီးမှ သင်တန်းသူတို့က ကဗျာလွတ်အကများဖြင့် စွမ်းရည်ပြတင်ဆက်၍ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး)တို့မှ သင်တန်းသား/ သင်တန်းသူများက စုပေါင်းယိမ်းအက၊ အဆိုတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါကြောင်း သိရသည်။

(သတင်းစဉ်)