ရန်ကုန်    ဇွန်    ၁၄

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့်  ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို  ဇွန် ၁၅ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ပွဲစဉ်(၁)မှာပင်   အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။

ယခုရာသီ   မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အသင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြီးခဲ့သည့်ရာသီ ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်ကိုးသင်းအနက်YREO မှလွဲ၍ ကျန်ရှစ်သင်း၊ အသင်းသစ် နှစ်သင်း ပါဝင်မည်ဖြစ်သည်။  ပွဲစဉ်များကို ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၊ ပဒုမ္မာအားကစားကွင်း၊ သုဝဏ္ဏလေ့ကျင့်ရေးကွင်း(၁)၊ YUSC နှင့် ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်းတို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ဧရာဝတီအသင်း၊ အား/ကာသိပ္ပံ (I.S.P.E)အသင်း၊ သစ္စာအားမာန်အသင်း၊ ရန်ကုန် ယူနိုက်တက်အသင်း၊ ရှမ်းယူနိုက်တက်အသင်း၊ Young Lionesses အသင်း၊ မြဝတီအသင်း၊ ရန်ကုန် စီးတီးအသင်း၊ အသင်းသစ်နှစ်သင်းဖြစ်သည့် ရတနာပုံအသင်းနှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပွဲစဉ်(၁)အဖြစ် ဇွန် ၁၅ ရက် ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံအသင်း၊ ဇွန် ၁၆ ရက် ညနေ ၃ နာရီခွဲတွင် ပဒုမ္မာကွင်း၌ Young Lionessesအသင်းနှင့် မြဝတီအသင်း၊ YUSC ကွင်း၌  ရန်ကုန်ယူနိုက်တက် အသင်းနှင့် ရတနာပုံအသင်း၊ ဇွန် ၁၇ ရက် ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ သစ္စာအားမာန်အသင်းနှင့် ဧရာဝတီအသင်း၊ ညနေ ၃ နာရီခွဲတွင် ပဒုမ္မာကွင်း၌ ရန်ကုန်စီးတီးအသင်းနှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် YUSC ကွင်းတွင် အိမ်ကွင်းပွဲစဉ်များအားလုံးကို လက်ခံကျင်းပသွားမည်ဖြစ်ကာ ဧရာဝတီအက်ဖ်စီအနေဖြင့်လည်း ပုသိမ်မြို့တွင် ပထမအကျော့ပွဲစဉ် နှစ်ပွဲနှင့် ဒုတိယအကျော့ပွဲစဉ် နှစ်ပွဲတို့ကို အိမ်ကွင်းပွဲစဉ်များအဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။ ထို့အတူ အမျိုးသမီးကလပ်အသင်း အချို့အနေဖြင့်လည်း အိမ်ကွင်းလက်ခံကျင်းပနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - MWL