ရန်ကုန် ဇွန် ၁၇
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁) နောက်ဆုံးနေ့ကို ဇွန် ၁၇ ရက်က ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ ဧရာဝတီအသင်းနှင့် ဇွဲကပင်ယူနိုက်တက် အသင်းတို့ ဂိုးပြတ်အနိုင်ရခဲ့သည်။
သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် လက်ရှိချန်ပီယံ ဧရာဝတီအသင်းက သစ္စာအားမာန်အသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့သည်။ ရာသီကြိုပြင်ဆင်မှုများစွာ ပြုလုပ်ထားသည့် ဧရာဝတီအသင်းသည် ဂိုးပြတ်အနိုင်ရလဒ်ဖြင့် တာထွက်ကောင်းခဲ့သော်လည်း သစ္စာအားမာန်အသင်းမှာမူ ပြတ်သား သည့်ရလဒ်ဖြင့် ရင်ဆိုင်ခဲ့ရသည်။
ဘင်္ဂလားဒေ့ရှ် လက်ရွေးစင်တောင်ပံကစားသမား ရီတူ၊ မြန်မာ့လက်ရွေးစင်ကစားသမားများဖြစ်သည့် မေထက်လူ၊ နော်ထက်ထက်ဝေ၊ ဖြူဖွေး၊ စန်းသော်သော်၊ ဖြူဖြူဝင်းတို့ ဦးဆောင်လာသည့် ဧရာဝတီအသင်းသည် ခြေအသာဖြင့်ကစားကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဧရာဝတီအသင်းအတွက် အနိုင်ဂိုးများကို ၄၃၊ ၅၈ မိနစ်တို့တွင် နော်ထက်ထက်ဝေ၊ ၄၅+၃ မိနစ်တွင် လဲ့လဲ့လှိုင်၊ ၈၃ မိနစ်တွင် စန်းသော်သော်တို့က သွင်းယူခဲ့သည်။ ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆု(AYA Pay Player of the Match)ကို နော်ထက်ထက်ဝေ (ဧရာဝတီ)က ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။
ပဒုမ္မာကွင်း၌ကျင်းပသည့်ပွဲတွင် ဇွဲကပင်ယူနိုက်တက်အသင်းက ရန်ကုန်စီးတီးအသင်းကို သုံးဂိုးပြတ် အနိုင်ရရှိသည်။ တစ်ကျော့ပြန် အသင်းဖွဲ့စည်းကာ ယှဉ်ပြိုင်သည့် ဇွဲကပင်အသင်းသည် ဂိုးပြတ်အနိုင်ဖြင့် တာထွက်ကောင်းခဲ့သည်။ ဇွဲကပင်အသင်းတွင် နိုင်ငံခြားသားကစားသမား သုံးဦးပါဝင်ခဲ့ပြီး ယင်းကစားသမားများ၏အားကြောင့် ပြိုင်ဘက်ကို အသာရကာ ၂၁ မိနစ်တွင် မေဂျူလိုင်၊ ၆၃ မိနစ်တွင် ဂလိုရီရာ၊ ၉၀+၃ မိနစ်တွင် ထိပ်တင်ကြွယ်တို့က သွင်းယူခဲ့သည်။ ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆု (AYA Pay Player of the Match) ကို ဂလိုရီရာ(ဇွဲကပင်) က ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေး ငွေကျပ်ငါးသိန်း ရရှိသည်။
ပွဲစဉ်(၁) အပြီးတွင် ဧရာဝတီ၊ အား/ကာသိပ္ပံ၊ ဇွဲကပင်ယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်နှင့် Young Lionesses အသင်းတို့ သုံးမှတ်စီရရှိပြီး ဂိုးကွာခြားချက်အသာဖြင့် ဧရာဝတီအသင်းက ထိပ်ဆုံးတွင် ဦးဆောင်နေကာ မြဝတီ၊ ရတနာပုံ၊ ရန်ကုန်စီးတီး၊ ရှမ်းယူနိုက်တက်နှင့် သစ္စာအားမာန်အသင်းတို့က အမှတ်မရသေးပေ။
သတင်း-ကိုညီလေး
ဓာတ်ပုံ-စိုးညွန့်သော်


