နေပြည်တော် ဇူလိုင် ၃

 

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၃) နေပြည်တော်၌ ကျင်းပသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဉက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ၎င်းတို့၏ ဇနီးများ၊ အမျိုးသမီးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ထူးချွန်ဆုရရှိသူ အမျိုးသမီးများ၊ ဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အမျိုးသမီးကော်မတီ ဉက္ကဌများနှင့် အတွင်းရေးမှူးများက  Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

 

mdn

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက Video Message ဖြင့် အဖွင့်မိန့်ခွန်းပြောကြားရာတွင်  ယနေ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်(၃)ရက်သည် မြန်မာနိုင်ငံ ဒေသအသီးသီးတွင် နေထိုင်ကြသည့် မြန်မာအမျိုးသမီးများ အားလုံးအတွက် ထူးခြားလေးနက်သည့် မြန်မာအမျိုးသမီးများနေ့ ဖြစ်ပါကြောင်း၊ ယခုလို နေ့ထူးနေ့မြတ်ဖြစ်သည့် မြန်မာအမျိုးသမီးများနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား မိမိအနေနှင့်ပါ မြန်မာအမျိုးသမီးများ အားလုံးကို  လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း ပြောကြားလိုပါကြောင်း။

 

အားလုံးသိကြသည့်အတိုင်း မြန်မာအမျိုးသမီးများနေ့ ပေါ်ပေါက်လာခြင်းသည် ၁၉၉၅ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့၌ ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီး ညီလာခံမှ စတင်ခဲ့သည်ဟု ပြောရမည်ဖြစ်ပါကြောင်း။

 

အဆိုပါ ညီလာခံက ချမှတ်ခဲ့သည့် ဘေဂျင်းကြေညာစာတမ်းအရ နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီးများအားလုံး အမျိုးသားများနှင့်တန်းတူ ကဏ္ဍစုံ လုပ်ငန်းနယ်ပယ် အသီးသီးတွင် တန်းတူညီမျှ ပါဝင်ခွင့်ရရှိစေရန်နှင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျား မ တန်းတူညီမျှရေး၊ အမျိုးသမီးများ အပေါ် နည်းမျိုးစုံနှင့် အကြမ်းဖက်မှုများမှ တားဆီးကာကွယ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံအဆင့် ဦးစီးဦးဆောင်လှုပ်ရှား ဖော်ဆောင်နိုင်မည့် အဖွဲ့အစည်းတစ်ခုအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို  ၁၉၉၆ ခုနှစ်၊  ဇူလိုင် (၃) ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ထိုသို့ မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဖွဲ့စည်းခဲ့သည့် ဇူလိုင် (၃) ရက်ကို နိုင်ငံတော်က မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း။

 

နယ်ပယ်စုံ၊ ကဏ္ဍစုံတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက် မြင့်မားလာနေသည်ကို တွေ့မြင်နေရပြီး မျက်မှောက်ကာလတွင်လည်း မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့် ရင်ပေါင်တန်းကာ နယ်ပယ်အသီးသီးတွင် ပါဝင်လျက် ရှိကြပါကြောင်း၊ ခေတ်အဆက်ဆက် ထူးချွန်ထက်မြက်သည့် မြန်မာအမျိုးသမီးများသည် နိုင်ငံနှင့်လူမျိုးအတွက် ကြိုးပမ်းကြသည့်နေရာတွင် လွတ်လပ်ရေး၊ နိုင်ငံတော်တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပါဝင် တာဝန်ထမ်းဆောင်ခဲ့ကြသည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် အမျိုးသမီးများသည် အိမ်ထောင်စုတစ်ခု၏ ပဲ့ကိုင်ရှင်များဖြစ်သလို နိုင်ငံတော်၏ အင်အားစု တစ်ရပ်လည်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေထက်ဝက်ကျော်သည် အမျိုးသမီးများ ဖြစ်သည့်အတွက် အမျိုးသမီးထု၏ အင်အားကို နိုင်ငံတော်အတွက် အကျိုးပြုနိုင်မည့် လူ့စွမ်းအား အရင်းအမြစ်များအဖြစ် မြှင့်တင်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက် အားကိုးအားထား ပြုနိုင်ပြီး ကြီးမားသည့်အင်အားကို ရရှိမည် ဖြစ်ပါကြောင်း။

 

ထို့ကြောင့် မြန်မာအမျိုးသမီးများ၏ အရေးပါသည့် အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေရန် မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုကို အသိအမှတ်ပြု အလေးထားဂုဏ်ပြုသည့် အနေဖြင့် ယခုလို “မြန်မာအမျိုးသမီးများနေ့” ကို နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနား နှစ်စဉ်ကျင်းပပေးနေခြင်းပင် ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် ချမှတ်ထားသည့် မူဝါဒ (၄) ရပ်၊ လုပ်ငန်း တာဝန် (၇) ရပ်နှင့်အညီ ဒေသဆိုင်ရာကော်မတီ အဆင့်အဆင့်ကို ဖွဲ့စည်းထားရှိပြီး အမျိုးသမီးများအား နည်းမျိုးစုံနှင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း CEDAW ပါ ကတိကဝတ်များ၊ အကြံပြုသုံးသပ်ချက်များ၊ ဘေဂျင်းလုပ်ငန်းစီမံချက်ပါ ဦးစားပေးနယ်ပယ် (၁၂) ရပ်နှင့်အညီ ရေးဆွဲထားသည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) တို့ကို အကောင်အထည်ဖော်ရာတွင် ကော်မတီအနေဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ယင်းမဟာဗျူဟာ စီမံကိန်းအနေဖြင့် ယခု ၂၀၂၂ ခုနှစ်တွင် စီမံကိန်းကာလ ပြီးဆုံးတော့မည်ဖြစ်သည့်အတွက် စီမံကိန်းအလွန်တွင် စီမံကိန်း၏ အားသာချက်၊ အားနည်းချက်များအပေါ် လေ့လာသုံးသပ်ထားပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (Phase II) ကို ဆက်လက်ရေးဆွဲနိုင်ရေး ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း မှာကြားလိုပါကြောင်း။

 

ထို့ပြင် ကုလသမဂ္ဂကချမှတ်ခဲ့သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များနှင့် ဆက်စပ်နေသည့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံအတွက် ၂၀၃၀ ပြည့်နှစ်အထိ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် ရေးဆွဲထားသည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan – MSDP)၊ ကိုဗစ်-၁၉ ကြောင့် စီးပွား‌ရေးထိခိုက်မှု သက်သာရေးစီမံချက် (COVID-19 Economic Relief Plan- CERP) တို့ကို ရေးဆွဲအကောင်အထည် ဖော်မှုများသည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို  အထောက်အပံ့ပြုနေပြီး ကျား၊ မ တန်းတူညီမျှမှု ရရှိရေးနှင့် အမျိုးသမီးများနှင့် ငယ်ရွယ်သူအမျိုးသမီးများအားလုံး စွမ်းပကား တိုးမြှင့်စေရေးဆိုသည့် ရှုထောင့်များကို ချန်လှပ်ထားမှု မရှိဘဲ ဆောင်ရွက်ပေးလျက် ရှိသည်ကို ပြောကြား လိုပါကြောင်း။

 

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများတွင် အမျိုးသမီးများ ပါဝင်မှု ပိုမို များပြားလာသည်ကို တွေ့ရပါကြောင်း၊ မြန်မာ့တပ်မတော်တွင် ကြည်း၊ ရေ၊ လေ အမျိုးသမီး ဗိုလ်လောင်းများ မွေးထုတ်ထားပြီး အမျိုးသားများနှင့်တန်းတူ ရင်ပေါင်တန်း တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်ပါကြောင်း၊  ထို့ပြင် ယခုနှစ်တွင် တပ်မတော် ဆေးတက္ကသိုလ်အတွက် အမျိုးသမီးဗိုလ်လောင်းများကိုလည်း ခေါ်ယူလေ့ကျင့် သင်ကြားပေးရန် စီစဉ်လျက်ရှိပါကြောင်း၊ အလားတူ နိုင်ငံတော်လုံခြုံရေးအတွက်လည်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် အမျိုးသမီးရဲတပ်ဖွဲ့ဝင်များကလည်း အမျိုးသားများနှင့် တန်းတူရင်ပေါင်တန်းဆောင်ရွက် လျက်ရှိပါကြောင်း။

 

နိုင်ငံတော်အဆင့် ဦးစားပေးကဏ္ဍများဖြစ်သည့် ငြိမ်းချမ်းရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအပေါ် အကြမ်းဖက်မှု လျော့နည်းပပျောက်ရေးနှင့် သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရည်စွမ်းအား မြင့်မားစေရေးတို့အတွက် အရှိန်အဟုန်နှင့် ဆောင်ရွက်သွားနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုရေး အဖွဲ့အစည်းများအနေနှင့် ပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း အသိပေးမှာကြားလိုပါကြောင်း။

 

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း အနှစ်ချုပ် အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် သမားရိုးကျ အိမ်ထောင်စုလူဦးရေ ၅၁ ဒသမ ၁ သန်းတွင် အမျိုးသား ၄၆ ဒသမ ၈ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၃ ဒသမ ၂ ရာခိုင်နှုန်း ပါဝင်သည်ကို တွေ့ရှိရပါကြောင်း။

 

အစီရင်ခံစာပါအချက်အလက်များအရ အမျိုးသမီးများ၏ ပညာရေးဆိုင်ရာ ဆန်းစစ်ကြည့်မည်ဆိုပါက ကျောင်းတက်ရောက်မှုနှင့် ပတ်သက်၍ မြို့ပြနှင့် ကျေးလက် အကြား ကွာဟမှုများပြားနေသည်ကိုလည်း တွေ့ရပါကြောင်း၊    မြို့ပြတွင် အသက် ၅ နှစ် အထက် လူဦးရေ ၁၀၀ တွင် ၅ ဦးသာ ကျောင်းမတက်သော်လည်း ကျေးလက်တွင် ၉ ဦး ကျောင်းမတက်သည်ကို တွေ့ရပါကြောင်း၊ ကျား၊ မ အချိုးနှင့် ကြည့်ပါက မိန်းကလေး ငယ်များအတွက် လူဦးရေ ၁၀၀ တွင် မြို့ပြဒေသတွင် ၆ ဦးခန့်ရှိပြီး ကျေးလက်ဒေသ၌ ၁၁ ဦးအထိရှိကြောင်း တွေ့ရှိရပါကြောင်း၊ ထို့ပြင် အသက် ၁၅ နှစ် နှင့်အထက် အမျိုးသမီး စာတတ်မြောက်မှုနှုန်းမှာ ၈၆ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး အမျိုးသား စာတတ်မြောက်မှုနှုန်းမှာ ၉၂ ဒသမ ၄ ရာခိုင်နှုန်းအထိရှိကြောင်း တွေ့ရှိရပါကြောင်း။

 

ယင်းအတွက် အမျိုးသမီးများကို ခေတ်မီပညာရေး သင်ကြားရာတွင် အားပေးရန် လိုသလို တစ်ဖက်မှလည်း အိမ်တွင်းမှုလုပ်ငန်းများ အပါအဝင် အသက်မွေးဝမ်းကျောင်း ပညာရပ်များကိုလည်း တိုးမြှင့်သင်ကြားပေးပြီး အလုပ်အကိုင် အခွင့်အလမ်း တိုးတက်အောင် ဆောင်ရွက်ပေးရန်လိုပါကြောင်း။

 

တစ်ဆက်တည်းမှာပင် မိခင်များဖြစ်ကြသည့် အမျိုးသမီးများ အနေနှင့် မိမိတို့၏ သားသမီးများ၊ လူငယ်လူရွယ်များကို လိမ္မာရေးခြား ရှိစေရေးနှင့် လူတော်လူကောင်း၊ အဖိုးတန် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် လိုအပ်ပါကြောင်း၊ ယခုအချိန်၌ နိုင်ငံ၏ အနာဂတ်တွင် အားကိုးနိုင်မည့် ဗလငါးတန်ပြည့်ဝသည့် လူငယ်များ ဖြစ်လာစေရန် လေ့ကျင့်ပြုစုပေးရေးသည် မိဘများနှင့် ကျောင်းဆရာ/ ဆရာမများ၏ တာဝန်ဝတ္တရား တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်နိုင်ကြရန်လည်း အခါအခွင့်သင့်ချိန်တွင် မှာကြားလို ပါကြောင်း။

 

သားသမီးဝတ္တရားကျေသည့် သားသမီးများဖြစ်လာရေး၊ တပည့်ဝတ်ကျေပွန်သည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာရေးကို မိဘများက မိဘဝတ္တရားများနှင့်အညီ ဆရာ၊ ဆရာမများက ဆရာ့ဝတ္တရားများနှင့်အညီ သွန်သင်ဆုံးမပြုပြင်ပေးကြရန် အလေး အနက်ထား တိုက်တွန်းမှာကြားလိုပါကြောင်း။

 

လက်ရှိကာလတွင် နိုင်ငံတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်ဖြစ်ပေါ်ရေး အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာတွင် မြန်မာအမျိုးသမီးများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် အဓိကဦးစားပေး လုပ်ငန်းနယ်ပယ်များဖြစ်သည့် စီးပွားရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ ပညာရေး၊ ကျန်းမာရေး၊ ပြည်သူ့ရေးရာတွင် ပါဝင်မှု၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ အမျိုးသမီးများ နှင့် အမျိုးသမီးငယ်များအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး စသည့် လုပ်ငန်းနယ်ပယ်များကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်သည့်အတွက် အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း။

 

နိဂုံးချုပ်အနေနှင့် ကျား၊ မ တန်းတူညီမျှမှုရှိရန်နှင့် မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများကို ပိုမိုမြှင့်တင်ကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံတော်အနေနှင့် ဘက်ပေါင်းစုံမှ တတ်နိုင်သရွေ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို အမျိုးသမီးထုကြီးနှင့် အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားရင်း ယနေ့မြန်မာအမျိုးသမီးများနေ့တွင် မြန်မာအမျိုးသမီး ထုကြီးတစ်ရပ်လုံး သာမက မြန်မာနိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း၊ ရောဂါဘယ ဘေးအပေါင်းကလည်း ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဉက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးအခွင့်အရေး မြင့်တင်ဖော် ဆောင်မှုနှင့် အမျိုးအမီများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရမှု တားဆီးကာ ကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ အမျိုးအမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်များကို ဖော်ညွှန်းသည့်  Video Clip ကို ပြသရာ တက်ရောက်လာသူများက  ကြည့်ရှုအားပေး ကြသည်။

 

ဆက်လက်၍ ကအလိုက် ထူးချွန်အမျိုးသမီးများအား ဆုချီးမြှင့်ရာ ထူးချွန် အမျိုးသမီး တပ်မတော် (ကြည်း) အရာရှိ () ဦး၊ ထူးချွန်အမျိုးသမီးရဲမေ () ဦး၊ ထူးချွန် အမျိုးသမီး ကြက်ခြေနီ ()ဦး၊ ထူးချွန်အမျိုးအမီး မသန်စွမ်း () ဦး၊ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ဆုရရှိခဲ့သည့် ထူးချွန်အမျိုးသမီး အားကစားသမား () ဦး၊ ၂၀၂၁-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ (သိပ္ပံ၊ဝိဇ္ဇာ၊ဝိပ္ပံ) ဘာသာတွဲများ၌ အမှတ်အများဆုံး ရရှိခဲ့သည့် ကျောင်းသူ () ဦး၊ ရိုးရာပွဲတက်ဝတ်စုံချုပ် ပြိုင်ပွဲတွင်ဆုရရှိသူ လူမှုဝန်ထမ်းဦးစီးဌာန၊ ပုသိမ်မြို့အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ အမျိုးသမီးဝန်ထမ်း () ဦး တို့ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဉက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဝင် ဉီးမြင့်စိုးတို့က ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် အခမ်းအနားသို့ တက်ရောက်ကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

 

သတင်းစဉ်