၄ ဇူလိုင်
အမျိုးသမီးများ၏ စွမ်းဆောင်မှု
နိုင်ငံတော်၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် အေးချမ်းသာယာသော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် အမျိုးသမီးများ၏ စွမ်းဆောင်ချက်၊ ဆောင်ရွက်ချက်နှင့် အခန်းကဏ္ဍသည် အရေးပါလှပါသည်။ အမျိုးသမီးများသည် မိမိတာဝန်သာမက မိမိ မိသားစု၏တာဝန်၊ မိမိ လုပ်ငန်းဌာန၏ တာဝန်၊ မိမိနေထိုင်ကျင်လည်ရာ ပတ်ဝန်းကျင်အဖွဲ့အစည်း၏တာဝန် စသည်တို့ကို ဆောင်ရွက်ရာမှတစ်ဆင့် အမိနိုင်ငံနှင့် လူမျိုး၏ အကျိုးကိုပါ သယ်ပိုးဆောင်ရွက်လေ့ရှိကြသည်။ ထိုသို့ဆောင်ရွက်ကြရာတွင် အမျိုးကိုချစ်သည့် စိတ်ဓာတ်ကို အခြေခံထားပြီး မိမိတို့ အမိနိုင်ငံ တော်ကြီးကို ချစ်သည့်စိတ်ဖြင့် နှလုံးသားတွင် စွဲမှတ်၍ ဆောင်ရွက်ကြသည်။ ထိုသို့ ကြိုးစား ဆောင်ရွက်မှုမျိုးသည်သာ တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၌ မြန်မာအမျိုးသမီးတို့သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်း မာရေး၊ တရားဥပဒေ၊ စာပေနှင့် အားကစား လောကပါမကျန် နယ်ပယ်အသီးသီးတွင် အမျိုး သားများနှင့်တန်းတူ စွမ်းဆောင်ရည် ပြည့်ဝ မြင့်မားစွာဖြင့် တိုင်းပြည်အတွက် ကြိုးပမ်းဆောင် ရွက်လျက်ရှိသည်။ မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ချက်များမှာ မြန်မာ့သမိုင်းနှင့်ထပ်တူ မှတ်တမ်းမှတ်ရာများ အထင်အရှားရှိခဲ့သည်။
ပုဂံခေတ်မှ အမျိုးသမီးများ
အာရှတစ်လွှား ဘုန်းကျက်သရေ ထွန်းလင်း တောက်ပခဲ့သည့် ပုဂံရွှေပြည်သမိုင်းတွင် အမျိုးသမီးတို့၏ အခန်းကဏ္ဍမှာ အမျိုးသားများနှင့် တန်းတူ ပါဝင်စွမ်းဆောင်နိုင်ခဲ့သည်။
ပုဂံခေတ် အုပ်ချုပ်ရေးယ္တရားတွင် အမျိုးသမီး မှူးမတ်များ၊ စစ်သေနာပတိကြီးများ မရှိခဲ့သော်လည်း ကလန်၊ သင်ဖမ(ခေါ်)တရားသူကြီး ကဲ့သို့ အရေးပါသည့် အထက်တန်းရာထူးများနှင့် နယ်အုပ်ချုပ်ရေးအတွက် က္လယ်သူကြီး၊ ရွာ သူကြီး၊ ကီသူကြီး စသည့် ရာထူးများတွင် အမျိုးသားများနှင့် ရင်ပေါင်တန်းကာ အမျိုးသမီး မင်းမှုထမ်းများ ရှိခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်း အများစုတွင် အမျိုးသားများနှင့်အတူ အမျိုး သမီးများလည်း ယှဉ်ပြိုင်လုပ်ကိုင်ခဲ့ခြင်း၊ အမျိုးသားများနည်းတူ လက်မှုအတတ်ပညာ၊ သုခုမ အနုပညာ စသည်တို့တွင် တတ်ကျွမ်းသော အမျိုးသမီးများ အများအပြား ရှိခဲ့ခြင်း၊ ရပ်ရွာ အကြီးအကဲများအဖြစ်လည်း အမျိုးသားများနည်းတူ အမျိုးသမီး သင်ကြီး၊ သင်လျင်များ ရှိခဲ့ခြင်း၊ ဘာသာအယူဝါဒ ကိုးကွယ်မှုတွင်လည်း အမျိုးသမီး ဘိက္ခူနီများရှိခဲ့ခြင်း၊ သီလ၊ သမာဓိနှင့် ပြည့်စုံသည့်အပြင် ကောင်းမှုကုသိုလ်များ အမြဲမပြတ်ပွားများနေသူဟူ၍ အများ၏ ရိုသေလေးစားခြင်းကို ခံရသော ဖုန်သည်ဟူသည့် ပုဂ္ဂိုလ်မျိုးနှင့် သီတင်းသီလ အမြဲမပြတ် ဆောက် တည်ကျင့်ကြံနေသည့် သူတော်သူမြတ်ဖြစ်သော သတင်သည်ဟူသော ပုဂ္ဂိုလ်မျိုးတွင် အမျိုးသား များနည်းတူ အမျိုးသမီး ဖုန်သည်မ၊ အမျိုးသမီး သတင်သည်များ ရှိခဲ့ခြင်းနှင့် အမျိုးသမီး အလှူ ဒါယိကာမများ သီးခြားရှိခဲ့ခြင်းတို့သည် ပုဂံ နေပြည်တော် တိုးတက်ရေးလမ်းကြောင်းတွင် အမျိုးသားများနှင့်အတူ ယှဉ်တွဲ၍ နိုင်ငံ့တာဝန် ကို တတ်စွမ်းသည့်ဘက်မှ အင်ပြည့်အားပြည့် ပါဝင်ထမ်းရွက်ခဲ့သော ရှေးမြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ချက် မော်ကွန်းများပင် ဖြစ် သည်။
ရှင်စောပု ဘုရင်မကြီး
ဟံသာဝတီ ရွှေပြည်ကို မေတ္တာနေခြည်တို့ဖြင့် ထုံမွမ်း၍ ငြိမ်းချမ်းသာယာစေခဲ့သူ ရှင်စောပု ဘုရင်မကြီး၏ စွမ်းဆောင်ချက်များမှာ မြန်မာ အမျိုးသမီးတိုင်း စံနမူနာယူထိုက်သော၊ ဂုဏ်ယူ ထိုက်သော အထွတ်အထိပ် မော်ကွန်းများပင် ဖြစ်ပါသည်။ တိုင်းနိုင်ငံကို စစ်မက်ဘေး ကင်းဝေး စေကာ လူမှုရေး၊ စီးပွားရေးတို့ကို ငြိမ်းချမ်း သာယာစွာ ဆောင်ရွက်နိုင်ခဲ့ပြီး အလှူပွဲများ၏ စည်ဗျောသံ ညံမစဲအောင် စွမ်းဆောင်နိုင်ခဲ့ ခြင်းက ရှင်စောပု ဘုရင်မကြီး၏ အုပ်ချုပ်ရေး စွမ်းရည်ကို ဖော်ကျူးနေပေသည်။ ဟံသာဝတီ သမိုင်းတွင် မင်းမျိုးမင်းနွယ် မဟုတ်သော်လည်း လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝပြီး နိုင်ငံတော်ကို ကောင်းမွန်စွာ အုပ်ချုပ်နိုင်မည့် သမက်တော် ဓမ္မစေတီမင်းကို ညင်သာချောမွေ့စွာ ထီးနန်း လွှဲပေးနိုင်ခဲ့ခြင်း၊ မိမိ၏ ဘဝနေဝင်ချိန်များကို သာသနာရေးကိစ္စများတွင် အသုံးချခဲ့ခြင်းတို့က မြန်မာအမျိုးသမီးတစ်ဦး၏ အမြော်အမြင် ကြီးမားမှု၊ ဘာသာတရား ကိုင်းရှိုင်းမှုများကို ပေါ်လွင်စေပါသည်။
ဤသည်တို့မှာ သမိုင်းစဉ်တွင် မြန်မာအမျိုး သမီးများသည် အမျိုးသားများနည်းတူ နောက် လိုက်ကောင်း အရည်အချင်းများနှင့် ပြည့်စုံသလို ခေါင်းဆောင်ခွင့်ရခဲ့ချိန်တွင်လည်း ခေါင်းဆောင် ကောင်း အရည်အချင်းများနှင့် ပြည့်စုံစွာ တာဝန်ထမ်းဆောင်နိုင်ခဲ့သော သာဓကများပင် ဖြစ်သည်။ ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးများသည် နိုင်ငံအပေါ် တာဝန် ကျေပွန်ခဲ့ကြသည့် သမိုင်းများ ရှိခဲ့ကြသည်။
မြန်မာအမျိုးသမီးကော်မတီ
ယခုအခါသမယတွင် အတိတ်က စွမ်းဆောင် ချက်များနှင့်မတူ တစ်မူထူးခြား ထင်ရှားသည့် အချက်မှာ တစ်ခုတည်းသော အမျိုးသမီး ကော်မတီဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုး သမီးကော်မတီ၏ ဦးဆောင်မှုအောက်တွင် ခိုင်မာစွာ စုစည်းထားသော ထင်းစည်းပမာ မကွဲမကွာ တစ်စိတ်တစ်ဝမ်းတည်း တက်ညီလက်ညီ စွမ်းဆောင်နေကြခြင်းပင်ဖြစ်သည်။
တစ်ဦးကောင်း တစ်ယောက်ကောင်းမှသည် မိသားစုအလိုက် ဖွံ့ဖြိုးစေသော မွန်မြတ်လှသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်ကြီး တိုးတက် အောင် မြန်မာအမျိုးသမီးများသည် တက်ကြွ ညီညွတ် စုစည်းစွာဖြင့် စွမ်းဆောင်နေကြသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရေးအတွက် နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ရှိသော အမျိုးသမီးများကို အမျိုးသမီးကော်မတီက ညီညွတ်စွာ စုစည်းပေးနိုင်ခဲ့သည်။
ကော်မတီ၏ ရည်ရွယ်ချက်များ
အမျိုးသမီး စွမ်းအားစုကြီး ပိုမိုတောင့်တင်း ခိုင်မာမှုရှိလာစေရန်၊ အမျိုးသမီးများကိုယ်တိုင် ဦးဆောင်ပြီး အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဝလုံခြုံရေးကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်၊ လုပ်ငန်းသဘာဝချင်း တူညီသည့် အပြည်ပြည် ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန် စေတနာ့ဝန်ထမ်း လူမှုရေးအဖွဲ့အစည်းတစ်ခုအဖြစ် မြန်မာအမျိုးသမီးများကဏ္ဍ လှုပ်ရှားဆောင်ရွက်မှုများကို ပိုမိုကျယ်ပြန့်စွာ တာဝန်ယူ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် မြန်မာအမျိုးသမီး ကော်မတီကို ထူထောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ကော်မတီ၏ ဆောင်ရွက်မှုများ
မြက်ဖျားနှင်းပမာ၊ အပ်ဖျားထက် မုန်ညင်း စေ့ပမာ ခြေလှမ်းတစ်ချက်မှားရုံဖြင့် ပြိုပျက် လွယ်သည့် အဖိုးတန်လှသော အမျိုးသမီးများ၏ ဘဝများကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ရန် အရေးကြီးလှပါသည်။ ထို့ကြောင့် အမျိုးသမီး ငယ်များအနေဖြင့် မိမိတို့ဘဝ၊ မိမိတို့တန်ဖိုး များကို ကာကွယ်စောင့်ရှောက်ကြရန် စာအုပ်၊ စာစောင်များ၊ ဟောပြောပွဲများသာမက မြန်မာ့ အသံနှင့် မြန်မာ့ရုပ်မြင်သံကြားတို့မှ ပညာပေး ဇာတ်လမ်းများ ပြသနိုင်ရန် စီစဉ်ခြင်းဖြင့် မြန်မာ နိုင်ငံ အမျိုးသမီးကော်မတီသည် အမျိုးသမီးများ၏ ဘဝကို ထောင့်စေ့အောင် စွမ်းဆောင် ကာကွယ်နေသည်။
လူမှောင်ခိုနှင့် လူကုန်ကူးမှု ကျူးလွန်သူများနှင့် ပတ်သက်၍ သွေးဆောင်ဖြားယောင်း ခိုးယူမှုများကို ထိရောက်စွာ စုံစမ်းဖော်ထုတ် လျက်ရှိသော ဌာနဆိုင်ရာများအား ပူးပေါင်းကူညီခြင်း၊ လူမှောင်ခိုနှင့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အရှိန်အဟုန်မြှင့်၍ ကြိုးပမ်းဆောင်ရွက်ခြင်း၊ လူမှောင်ခိုကူးခြင်းခံရသော အမျိုးသမီးများနှင့် ကလေးများအား ပြန်လည်ထူထောင်ရေးနှင့် မိသားစုထံ ပြန်လည် အပ်နှံခြင်းတို့ကို သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
သက်ငယ်မုဒိမ်းမှု လျော့ကျရေး
ယနေ့ ဖြစ်ပွားနေသည့် သက်ငယ်မုဒိမ်းမှုများကို ရှောင်ရှားနိုင်ရေးအတွက် ကလေးများ သာမက မိဘများပါမကျန် အသိပညာပေး ဟောပြောခြင်းများကို စဉ်ဆက်မပြတ် ပြုလုပ် ဆောင်ရွက်ပေးနေပြီး ကလေးသူငယ် အခွင့် အရေးများဆိုင်ရာ ကော်မတီကို ဖွဲ့စည်း၍လည်း သက်ငယ်မုဒိမ်းမှုများအတွက် ပူးပေါင်းဖြေရှင်း ပေးလျက်ရှိသည်။ သို့ရာတွင် ၂၀၁၅ ခုနှစ်က သက်ငယ်မုဒိမ်းမှု ၂၃၀ နှင့် ၂၀၁၆ ခုနှစ်တွင် သက်ငယ်မုဒိမ်းမှု ၃၈၀ ဖြစ်ပွားကာ ပြစ်မှု ပိုများ လာသဖြင့် မြန်မာအမျိုးသမီးကော်မတီအနေဖြင့် သက်ငယ်မုဒိမ်းမှုများ လျော့ကျအောင် အဖွဲ့များ ခွဲ၍ ဆောင်ရွက်လျက်ရှိသည်။
ထို့ကြောင့် နိုင်ငံတော်လူဦးရေ၏ ထက်ဝက်မကသော မြန်မာအမျိုးသမီးထုကြီးတစ်ရပ်လုံး၏ ကောင်းမြတ်သည့် အစဉ်အလာကောင်းနှင့် စွမ်းဆောင်ရည်မြင့်မားမှုကို အမျိုးသားရေး စွမ်းအားစုကြီးအဖြစ် စုစည်းကာ ပိုမိုအောင်မြင် အောင် စွမ်းဆောင်ကြရမည်ဖြစ်သည်။
အမျိုးသမီးကော်မတီဝင်များဖြစ်သည့် မြန်မာ အမျိုးသမီးများသည်လည်း မိမိတို့ ဖွဲ့စည်းပါဝင် ထားသည့် အခန်းကဏ္ဍများအလိုက် အမျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ အမျိုးသမီးကော်မတီ ဟူသည့် ပင်စည်ကြီးမှ ဖြာထွက်လာသော အညွန့်အဖူး အခက်လေးများသဖွယ် ဖြစ်သည့် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေး စောင့် ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီး များနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေး အသင်း၊ ရင်ခွင်မဲ့ကလေးငယ်များ ပြုစုစောင့် ရှောက်ရေးအဖွဲ့၊ အမျိုးသမီး စီးပွားရေးစွမ်းဆောင် ရှင်များအဖွဲ့၊ အမျိုးသမီး အားကစားအဖွဲ့ချုပ် စသည့် အဖွဲ့များဖြင့် ပွားစည်လာပြီဖြစ်သည်။
ထို့ကြောင့် ဇူလိုင် ၃ ရက်နေ့တွင် ကျရောက် သည့် မြန်မာအမျိုးသမီးများနေ့ကို စုပေါင်းညီညီ ပွင့်ချပ်စီရီ အသီသီဖြင့် မြန်မာ အမျိုးသမီးများက စုပေါင်းညီညာစွာဖြင့် ကြိုဆိုလိုက်ပါသည်။ မြန်မာအမျိုးသမီးတို့၏ ဂုဏ်သတင်းသည်လည်း ပန်းတစ်ခင်းကဲ့သို့ မွှေးကြပါစေကြောင်း မြန်မာ အမျိုးသမီးများနေ့တွင် တောင်းဆုပြုလိုက်ရ ပါသည်။ ။
ဝတ်ရည်ခင်(ပဲခူး)


