နေပြည်တော်၊ ဒီဇင်ဘာ ၁၁
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာအထူးစီးပ္ပားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ စီးပ္ပားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးထွန်းအုံနှင့် အဖွဲ့ဝင်များ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ စတင်ချိန်တွင် ဒေသခံရခိုင်တိုင်းရင်းသားများအပါအဝင် နိုင်ငံသားလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားရေး အစီအစဉ်များကို စတင်ပြင်ဆင်ထားရန် ဖြစ်ကြောင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတွင် နိုင်ငံသားကုမ္ပဏီများ ပါဝင်ရင်းနှီး မြှုပ်နှံနိုင်ရေးအတွက် အစိုးရအသိအမှတ်ပြု ကုမ္ပဏီစု (Government Designated Entity Consortium) ဖွဲ့စည်းနိုင်ရေး နိုင်ငံပိုင်သတင်းစာများတွင် စိတ်ဝင်စားမှု အဆိုပြုလွှာကြေညာ ဖိတ်ခေါ်ခဲ့ပြီးဖြစ်၍ အဆိုပြုလွှာ တင်သွင်းလာသည့် ကုမ္ပဏီများကို စိစစ်ရွေးချယ်သည့် လုပ်ငန်းစဉ်များ မကြာမီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းသည် နိုင်ငံတော်အတွက်သာမက နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသား လူငယ်များအတွက်လည်း အခွင့်အလမ်းများ ပေါ်ပေါက်စေမည်ဖြစ်ကြောင်း၊ သီလဝါအထူး စီးပွားရေးဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ် ဆောင်ရွက်နိုင်ရေးအတွက်လည်း လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲရေးကော်မတီအနေဖြင့်လည်း သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သလို စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အထူးစီးပွားရေးဇုန်များအနေဖြင့် ဇုန်အတွင်းရှိ ရင်းနှီးမြှုပ်နှံသူများနှင့် ဇုန်ပြင်ပရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အထူးစီးပွားရေးဇုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြကြရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်