နေပြည်တော် မတ် ၅

ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန၊ မြန်မာစာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဉီးစွာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပညာရေးဝန်ကြီးဌာနက ဦးဆောင်၍ ဝန်ကြီးဌာနငါးခုမှ မြန်မာစာပညာရှင်များ၊ နည်းပညာရှင်များပူးပေါင်းပြီး ၂၀၂၄ ခုနှစ်မှစတင်၍ နိုင်ငံတော်စီမံကိန်းအဖြစ် အကောင်အထည် ဖော်ခဲ့ပါကြောင်း၊  စီမံကိန်း၏ တစ်နှစ်တာကာလအတွင်း အေအိုင်နည်းပညာလုပ်ငန်းများဖြစ်သည့် စကားသံမှစာသားသို့ပြောင်းလဲသောစနစ် (Speech to Text )၊ စာသားမှစကားသံသို့ ပြောင်းလဲသောစနစ် (Text to Speech)နှင့် ဘာသာပြန်စနစ် (Machine Translation) လုပ်ငန်းများအတွက် နည်းပညာရှင်များကတည် ဆောက်ရာတွင်  မြန်မာစာပညာရှင်များက ဘာသာစကားပိုင်းဆိုင်ရာလုပ်ငန်းစဉ်များကို အထောက်အကူပြုပေးနိုင်ခဲ့သဖြင့် ဂုဏ်ယူဝမ်းပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် သီအိုရီ သက်သက်သာမဟုတ်ဘဲ လက်တွေ့အသုံးချနိုင်မည့် နည်းပညာများ၊ မြန်မာဘာသာစကားနှင့် NLP ကို ပေါင်းစပ်အသုံးပြုနိုင်မည့် နည်းလမ်းများ၊ ကွန်ပျူတာက မြန်မာစာနှင့်မြန်မာစကားကို လူသားများကဲ့သို့ စနစ်တကျနားလည် တတ်ကျွမ်းစေရန်အတွက် ချဉ်းကပ်နိုင်မည့် အခွင့်အလမ်းကောင်းများကို ဖော်ထုတ်စဉ်းစားကြရန်လည်း တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲကို အစီအစဉ်အတိုင်းဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ တိုင်းရင်း သားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်စင်အေးက စီမံကိန်းအလုပ်ရုံ ဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားပြီး စီမံကိန်းဒါရိုက်တာ ‌ဒေါက်တာတင်ဘုန်းကျော်က အလုပ်ရုံဆွေးနွေးပွဲ နည်းပညာလုပ်ငန်းဆိုင်ရာများကိုလည်း ကောင်း၊ နည်းပညာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပါမောက္ခချုပ် ဒေါက်တာဝင်းပပက နည်းပညာ လုပ်ငန်းဆိုင်ရာများကို လည်းကောင်း ရှင်းလင်းပြောကြားသည်။ 

ဆက်လက်၍ ‌ဒေါက်တာနေလင်းက  “Principles and Standard of Word Segmentation in Chinese, Japanese & Korean” ခေါင်းစဉ်ဖြင့်‌လည်းကောင်း၊  ဒေါက်တာဇော်မင်းခိုင်၊ ဒေါက်တာဆန်းဆုဆုရည် တို့က “Challenges of the Myanmar Language in ASR” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြပြီး  ဒေါက်တာရည်မွန်ရွှေစင် က မြန်မာစာ အသုံးပြုထားသည့် NLP လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် Tokenization (Segmentation) နှင့်ပတ်သက်၍ခွဲရေး/တွဲရေး သတ်မှတ်ထားပြီး နည်းလမ်းများနှင့် ထပ်မံဖြည့်စွက်နိုင်မည့် အချက်များအပေါ်  ဆွေးနွေးကြသည်။

ယင်းနောက် အုပ်စုလိုက်ဆွေးနွေးခြင်း၊ အဖွဲ့ခေါင်းဆောင်များက ပြန်လည်ရှင်းလင်းခြင်း၊ ပြည်လည်သုံးသပ်ခြင်းနှင့် အတည်ပြုခြင်းများကို ဆက်လက် ဆောင်ရွက်ကြသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ‌ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာစာအဖွဲ့ဝင်ဆရာကြီး ဆရာမကြီးများ၊ မြန်မာစာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း အဖွဲ့ဝင် ပညာရှင်များ၊ကျွမ်းကျင်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ဆွေးနွေးပွဲကို မတ် ၆ ရက်အထိ ၂ ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်