ရန်ကုန် ၈ မေ
မြန်မာစာရေးဆရာကလပ်၏ (၂)နှစ်မြောက်အထိမ်းအမှတ် အကြိုက်ဆုံးစာအုပ် ဆု/ စာမူဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ Orchid Hotel တွင် ကျင်းပခဲ့သည်။
မြန်မာစာရေးဆရာကလပ်၏ ၂၀၁၈ ခုနှစ် အကြိုက်ဆုံးစာအုပ်ဆုအဖြစ် “တဆတ် ဆတ်တုန်ခါနေသော ချောတိုင်တက်သူများ” နှင့် အခြားဝတ္တုတိုများ စာအုပ်ဖြင့်ဆရာမ နှင်းဆီအောင်က ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ် အကြိုက်ဆုံးစာမူဆုအဖြစ် “တောင်တန်းများ၏ မနက်ဖြန်” ဝတ္တုရှည်ဖြင့် ဆရာမသဉ္ဇာလှိုင်(လားရှိုး)တို့က ရရှိခဲ့ကြသည်။
မြန်မာစာရေးဆရာကလပ်၏ နာယကဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်က “ဒီနေ့ဟာ ထူးခြားတဲ့နေ့တစ်နေ့ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အနှစ်သက်ဆုံး ရသစာပေဆု စာအုပ်ဆုကို စနစ်တကျ ကော်မတီဖွဲ့ ရွေးချယ်ခဲ့ပြီး အလားတူပဲ စာမူဆုကိုလဲ ရသစာပေထူးချွန်တဲ့ စာရေးဆရာကြီးများကိုယ်တိုင် အကြိမ်ကြိမ်အထပ်ထပ် ရွေးချယ်ပြီး ဆုချီးမြှင့်တဲ့ ပွဲဖြစ်ပါတယ်” ဟု အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။
ထို့နောက် “တဆတ်ဆတ်တုန်ခါနေသော ချောတိုင်တက်သူများ” နှင့် အခြားဝတ္တုတိုများ စာအုပ်ဖြင့် မြန်မာစာရေးဆရာကလပ် အကြိုက်ဆုံးစာအုပ်ဆုရရှိသည့် ဆရာမနှင်းဆီအောင်အား မြန်မာစာရေးဆရာကလပ် ဒုတိယဥက္ကဋ္ဌ(၁) ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ) ကလည်းကောင်း၊ “တောင်တန်းများ၏မနက်ဖြန်” ဝတ္တုရှည်ဖြင့် မြန်မာစာရေးဆရာကလပ် အကြိုက်ဆုံးစာမူဆု ရရှိသည့် ဆရာမသဉ္ဇာလှိုင် (လားရှိုး)အား မြန်မာစာရေးဆရာကလပ် တွဲဘက်အတွင်းရေးမှူး(၂) ဆရာမ နှင်းဝေငြိမ်းက လည်းကောင်း ဆုများချီးမြှင့်ပေးသည်။
မြန်မာစာရေးဆရာကလပ် (၂)နှစ်မြောက် အထိမ်းအမှတ် အကြိုက်ဆုံး စာအုပ်ဆုအတွက် ငွေကျပ် ၁၀ သိန်းနှင့် ဆုတံဆိပ်၊ အကြိုက်ဆုံး စာမူဆုအတွက် ငွေကျပ် ၅ သိန်း၊ ဆုတံဆိပ်နှင့် စာအုပ်ထုတ်ဝေပေးမည် ဖြစ်ကြောင်း မြန်မာစာရေး ဆရာကလပ်မှ သိရသည်။
ဆက်လက်၍ ဆုရွေးချယ်ရေးအဖွဲ့ကိုယ်စား မြန်မာစာရေးဆရာကလပ် ဗဟိုကော်မတီဝင် ဟောပြော/စည်းရုံးရေး တာဝန်ခံ ဆရာဆောင်းဝင်းလတ်က ဆုရစာအုပ်နှင့် စာမူဆုများအပေါ် အကဲဖြတ်သုံးသပ်တင်ပြသည်။
ဆရာဆောင်းဝင်းလတ်က “ဆရာမ နှင်းဆီအောင်ရဲ့ “တဆတ်ဆတ်တုန်ခါနေသော ချောတိုင်တက်သူများနှင့် အခြားဝတ္တုတိုများ စာအုပ်၊ ရေးဖွဲ့ရာမှာ စာရေးသူရဲ့ ရင်တွင်းခံစားမှု ပါရှိတာကိုတွေ့ရပါတယ်။ လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လူလောက လူ့ပတ်ဝန်းကျင်ကို သင့်တင့်မျှတစွာ ရွေးချယ်သွားတာကို တွေ့ရှိရပါတယ်။ စာရေးသားမှု အနုပညာပိုင်းမှာလည်း အားကောင်းနေတာကို တွေ့ရှိရပါတယ်။ ကိုယ်ပိုင် စာရေးဟန်ကိုလဲ တွေ့ရပါတယ်။ ဇာတ်ကောင်ပြောစကား ဝါကျအသုံးအနှုန်း စကားလုံးရွေးချယ်မှု ကောင်းမွန်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် အကောင်းဆုံး စာအုပ်ဆုပေးတာပါ”
“ဆရာမသဉ္ဇာလှိုင်(လားရှိုး)ရဲ့ “တောင်တန်းများ၏မနက်ဖြန်” ဝတ္တုရှည်က ဝတ္တုတစ်ပုဒ် အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့ ဆွဲဆောင်မှုရှိတဲ့ ရသဝတ္တုရှည်တစ်ပုဒ်ဖြစ်တာ တွေ့ရပါတယ်။ ချုံငုံသုံးသပ်ကြည့်တဲ့ အခါမှာတော့ လုံးချင်းဝတ္တုစာမူ အဆင့်မှီတာကို အားလုံးက သုံးသပ်မိပါတယ်။ အကြောင်းအရာပိုင်းကတော့ မြန်မာနိုင်ငံကနေ ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံမဲဆောက်မြို့မှာ သွားပြီးအလုပ်လုပ်တဲ့ အခါမှာ လူငယ်တွေရဲ့ မြန်မာမိသားစုအချင်းချင်း စောင့်ရှောက်အပ်တဲ့ အကြောင်းတရားတွေ၊ ဝတ္တုစာအုပ်မှာပါတဲ့ လူငယ်သုံးဦးရဲ့ ချစ်ခြင်းမေတ္တာအကြောင်း တရားတွေ၊ တစ်ယောက်နဲ့ တစ်ယောက် ထားရှိအပ်တဲ့ ကိုယ်ချင်းစာတရားတွေ၊ သူတို့ရဲ့ လူမှုဘဝပတ်ဝန်းကျင်ကို သွက်သွက်လက်လက် ရေးသားတာတွေ့ရပါတယ်။ စာဖတ်သူကို စိတ်လှုပ်ရှားစရာ ဖြစ်အောင်လဲ ဆွဲဆောင်ပြီး ရေးသားတဲ့ စာရေးဟန်ကို တွေ့ရတဲ့အတွက် မြန်မာစာရေး စာကလပ်ရဲ့ အကောင်းဆုံးစာမူဆုကို ချီးမြှင့်တာ ဖြစ်ပါတယ်” ဟုပြောသည်။

မြန်မာစာရေးဆရာကလပ်၏ ဥက္ကဋ္ဌအဖြစ် ဆရာကောင်းသန့်က တာဝန်ယူထားပြီး ဆရာမင်းယုဝေ၊ ဆရာမောင်ခင်မင်(ဓနုဖြူ)၊ ဆရာဂုဏ်ထူးဦးသိန်းနိုင်နှင့် ဆရာဒေါက်တာသိန်းလွင်တို့က နာယကများအဖြစ် ဆောင်ရွက်လျက်ရှိသည်။ မြန်မာစာရေးဆရာကလပ်သည် မြန်မာနိုင်ငံ ပြည်သူ့နီတိ ပြန့်ပွားထွန်းကားရေးလုပ်ငန်းကို ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း..ညွန့်ကိုကို ၊ ဓာတ်ပုံ..ဖိုးထောင်