mdn

နေပြည်တော် ၂၂ အောက်တိုဘာ

 

မြန်မာစီးပွားရေးသံမှူးများ၏ ၎င်းတို့တာဝန်ထမ်းဆောင်နေသည့် နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးဆောင်ရွက်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများဆွေးနွေးပွဲကို ယနေ့နံနက် ၁၀  နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်နိုင်ရေး၊ သက်ဆိုင်ရာဌာနအဖွဲ့ အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ချိတ်ဆက်ပေးနိုင်ရေးတို့အတွက် အလေးထားဆောင်ရွက်ရန်နှင့် လက်ရှိ ကိုဗစ်-၁၉ ကာလတွင် မိမိတို့ရောက်ရှိနေသည့် နိုင်ငံအသီးသီး၏ စီးပွားရေး ပြည်လည်ထူထောင်ရေး လုပ်ငန်းများကို လေ့လာတင်ပြသွားကြရန် မှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးက စီးပွားရေးသံမှူးများ၏ အဓိကလုပ်ငန်းတာဝန်မှာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေးဖြစ်ကြောင်း၊ နိုင်ငံအနေဖြင့် စီးပွားရေး သံမှူးများအပေါ်တွင် မြင့်မားသောမျှော်မှန်းချက်များ ရှိသည့်အားလျော်စွာ အဆိုပါမျှော်မှန်းချက် ပြည့်မီစေရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ယခုအချိန်တွင် တစ်ချို့နိုင်ငံများအနေဖြင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများအား မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် စိတ်ဝင်စားလျက်ရှိနေကြရာ အဆိုပါအခွင့်အရေးအား မိမိတို့အနေဖြင့် အမိအရဆုပ်ကိုင်သွားနိုင်ရေး ကြိုးပမ်းသွားကြရန် မှာကြားသည်။

ဆက်လက်၍ ပထမနေ့ အစီအစဉ်အဖြစ် တရုတ်နိုင်ငံ (ပေကျင်း၊ နန်နင်း၊ ဟောင်ကောင်) နှင့် အမေရိကန်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများသို့ စေလွှတ်ထားသည့် စီးပွားရေးသံမှူးများက ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှု၊ ချိတ်ဆက်ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က မြန်မာနိုင်ငံတွင် E-commerce ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိတာဝန်ကျနေသည့် နိုင်ငံများတွင် ဆောင်ရွက်နေမှုများကို လေ့လာပြီး ချိတ်ဆက်ပေးသွားရန်၊ MSME လုပ်ငန်းများတွင် အသုံးပြုသည့် စက်ကိရိယာများ ဝယ်ယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးရန်၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ အလုပ်သမားများ စေလွှတ်နိုင်ရေး အလားအလာရှိသည့် လုပ်ငန်းများအား လေ့လာတင်ပြရန်၊ ခရီးသွားကဏ္တိုးတက်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် စီးပွားရေးသံမှူးများအကြား သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်သွားကြရန် မှာကြားသည်။

 

ဒုတိယနေ့ အစီအစဉ်အဖြစ် အောက်တိုဘာ ၂၃ ရက်တွင် ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ၊ ထိုင်း၊ စင်ကာပူ၊ အိန္ဒိယနိုင်ငံတို့ရှိ မြန်မာစီးပွားရေးသံမှူးများနှင့် ဆက်လက်တွေ့ဆုံပြီး မှာကြားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်