ရန်ကုန် ၂၇ ဇွန်   


မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) လမ်းညွှန်မှုဖြင့်၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ ဂီတစာဆို သမိုင်း- ကိုကိုလှိုင်နှင့် အဖွဲ့ဝင် မြန်မာသံဇဉ် တေးရေးတေးဆို ဂီတ အနုပညာရှင်များ စုပေါင်း၍ မရမ်းကုန်းမြို့နယ် အမှတ်(၆)ရပ်ကွက် ကျိုက်ဝိုင်း ဘုရားလမ်းရှိ လူမှုဝန်ထမ်းဦးစီးဌာန ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းတွင်  ဇွန် (၂၇ )ရက်တွင် ကျရောက်မည့် ''မြန်မာ့ဂီတနေ့" ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇွန် ၂၃ ရက် နံနက် ၉ နာရီအချိန် မှ စတင်ကာ တစ်နေ့တာ ဂီတဖျော်ဖြေတင်ဆက်မှုကို ကျင်းပခဲ့ကြရာ အခမ်းအနားသို့ ရပ်ဝေးရပ်နည်း ဂီတအနုပညာရှင် ၁၀ဝ ခန့် အားပေး တက်ရောက်ကြကြောင်း သိရသည်။


အဆိုပါ အခမ်းအနား၌ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)ဥက္ကဋ္ဌထံမှ ပေးပို့သော ''မြန်မာ့ဂီတနေ့'' သဝဏ်လွှာကို မြန်မာနိုင်ငံ ဂီတအစည်းအရုံးအတွင်းရေးမှူး ဦမင်းဇော်က ဖတ်ကြားခဲ့ပြီးနောက် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးတို့က ဖျော်ဖြေရေးစင်မြင့်ထက် အဖွင့်နှုတ်ခွန်းဆက် မုဒိတာ စကားပြောကြားသည်။


ဆက်လက်၍ မရမ်းကုန်း အထက(၂)ကျောင်းသူသမီးပျိုလေးများက ယိမ်းအလှအကများနှင့် ဂီတနေ့ ဂုဏ်ပြုတေးသီချင်းကို သံပြိုင်သီဆိုကြကာ ကပြဖျော်ဖြေတင်ဆက်ကြသည။ ထို့နောက် မြန်မာသံစဉ် တေးရေးတေးဆိုဂီတပညာရှင်များက အလှည့်ကျ ဖျော်ဖြေတင်ဆက်ကြပြီး "မြန်မာဂီတနေ့" အကြို အထိမ်းအမှတ် ဂီတပွဲတော်ကြီးကို စည်ကားသိုက်မြိုက် ပျော်ရွှင်စွာဆင်နွဲကျင်းပခဲ့ကြကြောင်း သိရသည်။


မျိုးမင်းသိန်း(မရမ်းကုန်း)