နေပြည်တော် ၆  ဇွန် 
    

(၄၃) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးနှင့် မဲခေါင် ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၁၉ ကို တရုတ်နိုင်ငံ Dali မြို့ရှိ Dali International Hotel တွင် ၂၀၁၉ ခုနှစ်၊ မေ(၂၇)ရက်မှ (၂၉)ရက်အထိ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်ခင်သန်းဝင်း နှင့်အဖွဲ့ တက်ရောက်ခဲ့သည်။ 

 

mdn

    

မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ၂၇ ရက်နေ့ ကျင်းပသည့် (၄၃) ကြိမ်မြောက် မဟာ မဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ညပိုင်းတွင် တရုတ်နိုင်ငံ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ တည်ခင်းဧည့်ခံသော ကြိုဆိုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။    

 

မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ ၂၈ ရက်တွင် Tourism:  A Driver for Cultural Heritage Preservation and Poverty Alleviation ဟူသောဆောင်ပုဒ်ဖြင့် ကျင်းပသည့်  မဲခေါင်ခရီးသွား လုပ်ငန်းဖိုရမ် ၂၀၁၉ သို့ တက်ရောက်ခဲ့ပြီး “မဟာမဲခေါင်ဒေသတွင်း နိုင်ငံများအကြား ယဉ်ကျေးမှုအမွေ အနှစ်များကို မပျက်စီးစေရန် ထိန်းသိမ်းခြင်းနှင့် ဆင်းရဲနွမ်းပါးမှု   ပပျောက်ရေး” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က Panelist အဖြစ် ပါဝင် ဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံရှိ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရန်  အလားအလာရှိသည့် ရှေးဟောင်း ယဉ်ကျေးမှု မြို့များဖြစ်သော ပုဂံနှင့် မြောက်ဦးမြို့များအား အမွေအနှစ်စာရင်းဝင်ရန် ဆောင်ရွက်နေမှုနှင့် ရေရှည် တည်တံ့စေရန် ထိန်းသိမ်းနေမှုများနှင့် ဆင်းရဲနွမ်းပါးမှုကို လျှော့ချရန် ဝန်ကြီးဌာနမှ ရပ်ရွာအခြေပြုခရီး သွားလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့သည်။

 

mdn

    

၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံက မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၀ ကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်ဖြစ်ရာ မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၀ ကျင်းပရေး အလံအား ၂၀၁၉ အိမ်ရှင် တရုတ် နိုင်ငံနှင့် မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးမှူးရုံး အမှုဆောင်ဒါရိုက်တာတို့က မြန်မာနိုင်ငံသို့လွှဲပြောင်း ပေးအပ်သည်။

    

အဆိုပါ အလံလွှဲပြောင်းသည့်အခမ်းအနားတွင် တက်ရောက်လာသော ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များအား  မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၀ ကျင်းပမည့် မန္တလေးမြို့၏ အလှအပများနှင့် ခရီးသွားဆွဲဆောင်ရာ နေရာများပါဝင်သည့် Video Clip အား မိတ်ဆက်ပြသခဲ့သည်။ ညပိုင်းတွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဌာနနှင့် ယူနန်ပြည်နယ် Dali Bai အစိုးရ အဖွဲ့မှ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ ကိုယ်စားလှယ်အဖွဲ့သည် မေ ၂၉ ရက်တွင် Xizhou မြို့ဟောင်း ရှိယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ၊ ရှေးဟောင်း အဆောက်အဦများအား သွားရောက် လေ့လာ သည်။ အဆိုပါဖိုရမ်သို့ မဟာမဲခေါင် ဒေသခွဲနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံခရီးသွား လုပ်ငန်းကဏ္ဍမှ စိတ်ပါဝင်စားသူများ (၃၀ဝ)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)