ဒဂုံ ၂၀ ဇန်နဝါရီ
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “ စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့မှကြီးမှူးကျင်းပသည့် မြန်မာ့ကျွမ်းကျင်မှု Myanmar Skills Competition (2020) ပြိုင်ပွဲကြီးကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းပေါ်ရှိ တပ်မတော်ခန်းမ၌ ဇန်နဝါရီ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် မြန်မာနိုင်ငံ၏ အနာဂတ်ထွန်းလင်းတောက်ပစေရန် မြန်မာနိုင်ငံမှ ကျွမ်းကျင်မှု အတတ်ပညာရှင်များစွာ ပေါ်ပေါက်စေရန်တို့အတွက် မော်တော်ယာဉ်စက်ပြင် ကျွမ်းကျင်မှုပြိုင်ပွဲ၊ လေအေးပေးစက်တပ်ဆင်ပြုပြင် ကျွမ်းကျင်မှုပြိုင်ပွဲ၊ ဆံကေသာအလှပြုပြင် ကျွမ်းကျင်မှုပြပွဲနှင့် လျှပ်စစ်သွယ်တန်းခြင်းနှင့် ပြုပြင်ခြင်း ကျွမ်းကျင်မှုပြပွဲ၊ စားသောက်ဆိုင် ဝန်ဆောင်မှု ကျွမ်းကျင်မှုပြပွဲနှင့် အချက်အပြုတ် ကျွမ်းကျင်မှုပြပွဲတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲကျင်းပမှုနှင့်အတူ ယင်းတို့၏ ဆက်စပ်ပစ္စည်းများကိုပါ ထည့်သွင်းပြသပေးမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)