ရန်ကုန် ၃၀  ဩဂုတ်

မြန်မာကမ်းရိုးတမ်းတစ်လျှောက် ကုန်စည်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးလျက်ရှိသော မြန်မာနိုင်ငံ ကမ်းရိုးတမ်းသွား ကုန်တင်ရေယာဉ်များအနေဖြင့် ဇူလိုင်လအတွင်း ကုန်ပစ္စည်းရရှိမှုပေါ် မူတည်ကာ ပုံမှန်အတိုင်း ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

 

မြန်မာ့ကမ်းရိုးတမ်းသွား ကုန်တင်ရေယာဉ်များအနေဖြင့် ဇူလိုင်လအတွင်း ရန်ကုန်-ကော့သောင်း ခရီးစဉ်၊ ရန်ကုန်-မြိတ်ခရီးစဉ်၊ ရန်ကုန်-စစ်တွေ ခရီးစဉ်၊ ရန်ကုန်-ထားဝယ်ခရီးစဉ် တို့ကို အသွားအပြန် သင်္ဘောအစီးရေ ၁၃ စီးဖြင့် ကုန်တန်ချိန်စုစုပေါင်း ၇၀၆၀ ကို သယ်ယူပို့ဆောင် ပေးနိုင်ခဲ့ကြောင်း သိရသည်။ ထိုသို့ကုန်စည်များ သယ်ယူပို့ဆောင်ပေးရာတွင် အခြေခံစားကုန်နှင့် ဆောက်လုပ်ရေးပစ္စည်းများကို အဓိကထား သယ်ယူပို့ ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် မြန်မာ့ကမ်းရိုးတမ်းသွား ကုန်တင်ရေယာဉ်များ သယ်ယူပို့ဆောင်နေမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်များ အသင်းရုံးအဖွဲ့မှူး ဦးရန်အောင်က “အရင်ကားလမ်းတွေ မကောင်းခင် တစ်လကို အစီး ၄၀ လောက်ထွက်တယ်။ အခုက ကျသွားပြီ။ ကုန်တင်ဆောင်မှုအနေနဲ့လည်း အရင်က ကောင်းပေမယ့် အခုနောက်ပိုင်း နည်းသွားပြီ။ မြဝတီဘက်က ပွင့်နေတော့ ကော့သောင်းဘက်က ပစ္စည်းတွေ သိပ်မလာတော့ဘူး။ မြဝတီဘက်က လာတယ်။ ကော့သောင်းဘက်က တင်တဲ့ကုန်က နည်းသွားတယ်” ဟု ပြောကြားခဲ့သည်။

ထင်ပေါ်ဝင်း(ကမာရွတ်)