ရန်ကုန် ၂၀ ဇူလိုင်

အမေရိကန်ပြည်ထောင်စု၌ကျင်းပမည့် (၂၄)ကြိမ်မြောက် ကမ္ဘာ့ကင်းထောက်များ တွေ့ဆုံပွဲ၌ အာရှပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကင်းထောက်ဌာနခွဲက ချီးမြှင့်ပေးအပ်သည့် Scholarship အစီအစဉ်ဖြင့် မြန်မာကင်းထောက်လူငယ်(၃)ဦးဖြစ်သည့် မောင်ခွန်လတ်အောင် (နည်းပညာတက္ကသိုလ်-မန္တလေး) မရှင်းသန့်လှိုင် (Brainworks - TOTAL International School Yangon)၊ မောင်ဟိန်းနိုင်စိုး (မြန်မာနိုင်ငံ ရေကြောင်း ပညာတက္ကသိုလ်) တို့ တက်ရောက်ကြမည်ဖြစ်ကြောင်းသိရသည်။

အမေရိကန်နိုင်ငံ၊ အနောက်ဗာဂျီးနီးယားပြည်နယ်ရှိ(Summit Bechtel Reserve) ၌ ကျင်းပမည့် (၂၄)ကြိမ်မြောက် ကမ္ဘာ့ကင်းထောက်များစခန်းချတွေ့ဆုံပွဲကို ဇူလိုင်(၂၂)မှ ဩဂုတ်(၃)ရက်အထိ ကျင်းပမည်ဖြစ်ရာ နိုင်ငံပေါင်း(၁၆၇)နိုင်ငံမှ ကင်းထောက်လူငယ် ပေါင်း (၅၀ဝ၀ဝ)ခန့် တက်ရောက်မည်ဖြစ်ပြီး ယင်းတွေ့ဆုံပွဲသည် နိုင်ငံအလိုက် အိမ်ရှင်အဖြစ် (၃)နှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်သည်။

အာရှပစိဖိတ်ဒေသဆိုင်ရာကမ္ဘာ့ကင်းထောက် ဌာနခွဲက ချီးမြှင့်ပေးအပ်သည့် Scholarship အစီအစဉ်ဖြင့် အာရှ-ပစိဖိတ်ဒေသ ကင်းထောက်အဖွဲ့ဝင် နိုင်ငံ(၂၈)နိုင်ငံမှ (၄)နိုင်ငံကိုသာ ရွေးချယ်ရာ မြန်မာနိုင်ငံမှ ရွေးချယ်ခံရသည့်အပြင် မြန်မာနိုင်ငံမှကင်းထောက် လူငယ် မရှင်းသန့်လှိုင်က ကမ္ဘာ့ကင်းထောက်များ စခန်းချတွေ့ဆုံပွဲတွင် Story Programme Speaker အဖြစ် တက်ရောက် ဆွေးနွေးပေးရန် ဖိတ်ကြားခံခဲ့ရကြောင်း သိရသည်။ 

သတင်းစဉ်