နေပြည်တော် ၈  ဇွန်

မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် ကျောက်မျက်ရတနာပြပွဲကို ယနေ့ နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ပြပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှုပြီး ပြပွဲဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြားသည်။

 

mdn

 

ယခုကျင်းပသည့် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲ ၂၆၀ နှင့် ကျောက်စိမ်းအတွဲ ၃၁၀၈ တွဲကို အိမ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ပြပွဲသို့တက်ရောက်ရန် ယနေ့အထိ ပြည်တွင်းရတနာ ကုန်သည် ၁၅၀ဝ ခန့် စာရင်းပေးသွင်းထားသည်။

ပြပွဲပထမနေ့တွင် မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ကျောက်အတွဲ တင်ပြရောင်းချခွင့်ရှိသူများ၊ တက်ရောက်ဝယ်ယူခွင့်ရှိသူများ တက်ရောက်၍ ကျောက်မျက်၊ ကျောက်စိမ်းအတွဲများ၏ အရည်အသွေးကို ကြည့်ရှုစစ်ဆေးကြသည်။

မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း အထွေထွေမန်နေဂျာ ဦးသန်းဇော်ဦးက “အခုပြပွဲက ပြည်တွင်းရတနာကုန်သည်တွေကို ကျပ်ငွေနဲ့ ရောင်းချပေးတဲ့ ပွဲဖြစ်ပါတယ်။ ပြည်တွင်းက ကုန်သည်ငယ်လေးတွေ ကုန်ကြမ်းရရှိဖို့နဲ့ လုပ်ငန်းရှင်တွေ ဝင်ငွေ ရရှိဖို့အတွက် ရည်ရွယ်ပါတယ်။ ကျပ်ငွေနဲ့ရောင်းချတဲ့ပွဲမှာ ပုတီး၊ လက်ကောက် လုပ်လို့ရတဲ့ ကျောက်အမျိုးအစားတွေကို အများစု ရောင်းချတာဖြစ်ပါတယ်။ ဒီကျောက်တွေနဲ့ လက်ဝတ်ရတနာတွေ၊ အမှတ်တရပစ္စည်းတွေ အများကြီး လုပ်လို့ရပါတယ်။ ပြပွဲကိုတော့ ဇွန် ၈ ရက်ကနေ ၁၃ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ် ”ဟု ပြောသည်။

ကျောက်မျက်အတွဲများကို ဇွန်လ ၁၀ ရက်တွင် လည်းကောင်း၊ ကျောက်စိမ်း အတွဲများကို ဇွန်လ ၁၁ ရက်၊ ၁၂ ရက်နှင့် ၁၃ ရက်များတွင်လည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်တွင် မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် ကျောက်မျက်ရတနာ ပြပွဲများကို ၂၀၁၁ ခုနှစ်က စတင်၍ ကျင်းပပေးခဲ့ပြီး ယခုဆိုလျှင် ၈ ကြိမ်ရှိပြီ ဖြစ်သည်။ 

ကျော်သူထက်