ရန်ကုန် အောက်တိုဘာ ၂၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရာနှုန်းပြည့်ပိုင်ဆိုင်သည့် မြန်မာကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (Myanmar Inspection and Testing Services Ltd. – MITS) ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အထွေထွေ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ(ပဉ္စမထပ်) ၌ ကျင်းပပြုသည်။
အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ MITS ဒါရိုက်တာ အဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းနှင့် ဘုရင့်နောင် ကုန်စည်ဒိုင်တို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(MITS)သည် ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများဖြစ်သော တင်ပို့ခြင်း၊ တင်သွင်းခြင်းဆိုင်ရာများနှင့် ပတ်သက်သည့် စမ်းသပ် စစ်ဆေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရန်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ ပြည်ပသို့တင်ပို့သည့် ပို့ကုန်များ၏ အရည်အသွေးသတ်မှတ်ချက်များနှင့်အညီ စျေးကွက်ဝင်ရောက်ခွင့်ရရှိရန်နှင့် နိုင်ငံအတွင်းသို့ တင်သွင်း သည့်ကုန်စည်များကိုလည်း ကုန်သွယ်မှုဆိုင်ရာ စီမံဆောင်ရွက်ခြင်း(Non-Tariff Measure)အရ အရည်အသွေး ဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုအတွက် စစ်ဆေးခြင်းဖြစ်ပါကြောင်း၊ MITS အနေဖြင့် နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးစံချိန်စံညွှန်းများကို လိုက်နာလက်ခံကျင့်သုံးလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ အရည်အသွေး သတ်မှတ် သောအဖွဲ့ (International Standard Organization) ၏ ISO 9001:2015 Certificate ကို ရရှိထားပြီး ကုန်ပစ္စည်း စစ်ဆေးခြင်းဆိုင်ရာ ISO/ IEC 17020 နှင့် ဓာတ်ခွဲစမ်းသပ်ခြင်းဆိုင်ရာ ISO/IEC 17025 တို့ရရှိရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို သိရပါကြောင်း။
ဝန်ကြီးဌာန၏ တာဝန်ပေးအပ်ချက်အရ ပြည်တွင်းရှိ ဆန်စပါးအရည်အသွေး ကောင်းမွန်မှန်ကန်စေရေး စမ်းသပ် စစ်ဆေးပေးနိုင်ရန်အတွက် ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ပို့ကုန်လိုင်စင် လျှောက်ထားရာတွင် မြေပြင်လက်ကျန် စစ်ဆေးခြင်း၊ သင်္ဘောမတင်မီစစ်ဆေးခြင်း (Pre-Shipment Inspection)၊ အလေးချိန်နှင့် အရည်အသွေး စစ်ဆေးခြင်း၊ ဆန်များ၏ အရည်အသွေး စစ်ဆေးခြင်းနှင့် အရန်ရိက္ခာဆန် အရည်အသွေး စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အတွက်လည်း အသိအမှတ်ပြုပါကြောင်း၊ MITS အနေဖြင့် စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်သည်လုပ်ငန်းရှင်များ၏ ယုံကြည်မှု၊ အားကိုးမှုရှိစေရန် ရိုးသားမှု၊ ဘက်မလိုက်မှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်သိမှုစသည့် အချက်များနှင့်ညီအောင် ဆောင်ရွက်ပေးရမှာ ဖြစ်သည့်အပြင် လုပ်ငန်းနယ်ပယ်တွင် Professional ဆန်ဆန်ယှဉ်ပြိုင်ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းတစ်ခု အဖြစ် ရပ်တည်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် MITS ဒါရိုက်တာအဖွဲ့၊ ဒုတိယဥက္ကဋ္ဌက လုပ်ငန်းအခြေအနေများ တင်ပြခြင်း၊ ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်း အတည်ပြုခြင်း၊ MITS မှ ထူးချွန်ဝန်ထမ်းများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးဆောင်သည့်အဖွဲ့သည် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ဆီသိုလှောင်ကန်များ၌ စားအုန်းဆီ သိုလှောင်ထားရှိမှု၊ ဖြန့်ဖြူးမှုအခြေအနေများနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)