မင်းဘူး ၂၈ မေ


မြန်မာ့ဒေသမျိုးစိတ် ကြယ်လိပ်များမှာ အပူဒဏ်ပြင်းထန်မှုနှင့် အစာရေစာ ပြတ်လပ်မှုကြောင့် မေလအတွင်း အကောင်ရေ ၆၀ ကျော် သေဆုံးမှုများဖြစ်ပေါ်ခဲ့ပြီး အလားတူ အခြေအနေများကြောင့် သေဆုံးမှုများ ထပ်မံမဖြစ်ပွားစေရန် ဆောင်ရွက်နေကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးဌာန၊ ရွှေစက်တော်တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောရုံးမှ သိရသည်။

 

1

 


“ရာသီဥတုက ပူပြင်းလွန်းတာကြောင့် အစာရေစာ ပြတ်လပ်ပြီး ကြယ်လိပ်(၆၂) သေဆုံးသွားပါတယ်။ မေလ ၁၀ ရက်နေ့မှစပြီး စစ်ဆေးတွေ့ရှိခဲ့ရတာပါ။ ရေဓာတ်ခန်းခြောက်မှုနဲ့ အစာပြတ်လပ်မှုကို ကာကွယ်နိုင်ဖို့ အပူဒဏ်သက်သာစေမယ့် ထန်းလက်မိုးတွေအောက်မှာ ကြယ်လိပ်တွေကို ထားပါတယ်။ ဖရဲသီးနဲ့ ကန်စွန်းရွက်အစာတွေ ကျွေးမွေးပြီးတော့ ဂလူးကို့စ် ဆေးထိုးပေးတာ၊ ရေစိမ်ပေးတာတွေ လုပ်ပေးနေပါတယ်” ဟု ရွှေစက်တော်ဘေးမဲ့တော ဦးစီးအရာရှိ ဦးသိန်းလွင်က ပြောသည်။


သေဆုံးသွားသော ကြယ်လိပ်များမှာ သဘာဝတောတွင်း၌ ပြန်လည်နေထိုင်တတ်ရန် လေ့ကျင့်ပေးပြီးဖြစ်သော ၄ နှစ်သားအရွယ်ခန့် ကြယ်လိပ်များဖြစ်ပြီး ဖေဖော်ဝါရီလထဲ၌ တောထဲသို့ တတိယအကြိမ်မြောက် လွှတ်ပေးခဲ့သည့် အကောင်ရေ (၆၅၀)အုပ်စုထဲမှ ဖြစ်ကြောင်း၊ ကြယ်လိပ်သေဆုံးမှုများဖြစ်နေစဉ်အတွင်း မျိုးပွားကြယ်လိပ်ခြံမှ ကြယ်လိပ်(၆၃)ကောင် ပေါက်ဖွားမှုရှိခဲ့ကြောင်း  ဘေးမဲ့တောရုံးမှ သိရသည်။


“၁၉၉ခုနှစ်ကနေ ကြယ်လိပ်အထီး၊ အမ ၁၂ကောင်ကို ခြံလှောင်ပြီးမွေးမြူခဲ့ပါတယ်။ ကြယ်လိပ်ကောင်ရေ ၅၃၀ ထိ တိုးပွားလာခဲ့ပါတယ်။ ရွှေစက်တော်ဘေးမဲ့တောထဲက ကြယ်လိပ်အကောင်ရေ ၂၀ဝ အပါအဝင် လောကနန္ဒာ၊ မင်းဝံတောင် ဘေးမဲ့တောဥယျာဉ်တွေက ကြယ်လိပ်အကောင်ရေ ၁၇၅၀ ကို ပြန်လွှတ်ပေးဖို့ လေ့ကျင့်ပေးခဲ့ပါတယ်။ အကောင်ရေ ၁၁၀ဝ လောက်တော့ တောထဲကို ပြန်လွှတ်ပေးပြီးပါပြီ” ဟု ရွှေစက်တော်ဘေးမဲ့တောရုံး ဝန်ထမ်းတစ်ဦးက ပြောပြသည်။


ရှားပါးမျိုးစိတ်ဆိုင်ရာ နိုင်ငံတကာစံနှုန်းများအရ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ရွှေစက်တော်ဘေးမဲ့တော အတွင်း ကျက်စားနေထိုင်ကြသော မြန်မာ့ကြယ်လိပ်များမှာ Critically Endanger မျိုးသုဉ်းရန်အလွန်နီးအဆင့် သတ်မှတ် ခံထားရသည့်အတွက် ၁၉၉၉ ခုနှစ်မှစ၍ ပြန်လည်ထိန်းသိမ်းမွေးမြူမှုများ လုပ်ဆောင်ခဲ့ရသည်မှာ နှစ်(၂၀)ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။


ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် နို့တိုက်သတ္တဝါ ၁၄မျိုး၊ ကုန်းနေရေနေသတ္တဝါ ၄၃ မျိုး၊ လိပ်ပြာမျိုးစိတ် ၃၉မျိုး နှင့် ငှက်မျိုးစိတ် ၁၁၃မျိုး ကိုတွေ့ရှိနိုင်သည့်အပြင် စွေ့ငှက်၊ နဖားကြူးငှက်၊ မြန်မာဘီလုံးငှက်၊ ငှက် မင်းသားဗိုက်ဖြူ၊ ရွှေသမင်နှင့်ကြယ်လိပ်ကလေးများမှာ ရွှေစက်တော်တောရိုင်းဘေးမဲ့ တိရစ္ဆာန်တော အတွင်း၌သာ တွေ့ရှိနိုင်သော မြန်မာဌာနေဖွားမျိုးစိတ်များဖြစ်ကြောင်း သိရှိရသည်။

 

ဇေယျတု(မကွေး)