နေပြည်တော် ဖေဖော်ဝါရီ ၂၈
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတစ်ခုလုံး၌ ရထားအမြန်နှုန်းများတိုးမြှင့်ပြီး ပြေးဆွဲချိန်ကို သိသာစွာ လျှော့ချနိုင်ပြီဖြစ်သောကြောင့် ရထားစီးခရီးသွား ပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်-နေပြည်တော်လမ်းပိုင်း၌ ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်ဖြင့် အမှတ် (၇)အဆန်၊ အမှတ် (၈)အစုန် အမြန်ရထားခရီးစဉ်သစ်ကို လည်းကောင်း၊ နေပြည်တော်-မန္တလေးလမ်းပိုင်း၌ ခေတ်မီ လေအိတ်လူစီးတွဲများဖြင့် အမှတ် (၂၇)အဆန်၊ အမှတ် (၂၈)အစုန် ရထားခရီးစဉ်သစ်ကိုလည်းကောင်း ယနေ့မှစ၍ တိုးချဲ့ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရထားပို့ဆောင်ရေးကဏ္ဍမှ ထိရောက်စွာ အထောက်အကူပြုနိုင်စေရေးအတွက် မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မှ တောင်ငူအထိ ရထားလမ်းပိုင်းအဆင့် မြှင့်တင်ရေးစီမံကိန်းအဆင့်(၁) အား ဂျပန်နိုင်ငံ၏ ODA ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး တောင်ငူမှ နေပြည်တော် - သာစည် - မန္တလေးလမ်းပိုင်းတွင်လည်း နိုင်ငံတော်မှခွင့်ပြုသည့် ဘဏ္ဍာငွေဖြင့် လမ်းပိုင်းပိုမိုကြံ့ခိုင် ကောင်းမွန်စေရေး၊ ခေတ်မီအချက်ပြစနစ်များ တပ်ဆင် အသုံးပြုရေးတို့ကို စီမံချက်ချမှတ်ဆောင်ရွက်ခဲ့ရာ ဤကဲ့သို့ ရထားလမ်းနှင့် တံတားများ ကြံ့ခိုင်မှုပိုမိုကောင်းမွန်လာခြင်း၊ အချက်ပြစနစ် ပိုမိုခေတ်မီလာခြင်းနှင့်အတူ ခေတ်မီစက်ခေါင်းနှင့် လူစီးတွဲများ အသုံးပြုလာနိုင်ခြင်းအားဖြင့် ခရီးစဉ်သစ်များ တိုးမြှင့်ပြေးဆွဲနိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရထားခရီးစဉ်တိုးချဲ့ပြေးဆွဲခြင်း အစီအစဉ်အရ ယနေ့နံနက်ပိုင်းက ရန်ကုန်ဘူတာ ကြီး၊ အမှတ်(၁) စင်္ကြံတွင် အမှတ် (၇)အဆန် ရန်ကုန်-နေပြည်တော် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားခရီးစဉ် စတင်ပြေးဆွဲခြင်း အခမ်းအနားကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်မြိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိ သူများ၊ ဧည့်သည်တော်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အမှာစကားပြောကြားပြီး မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက ရန်ကုန်မှ တောင်ငူအထိ ရထားလမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် နိုင်ငံတော်၏ ခွင့်ပြုဘဏ္ဍာငွေဖြင့် တောင်ငူ-နေပြည်တော်-သာစည်-မန္တလေး လမ်းပိုင်း၌ ဌာန၏ ဆောင်ရွက်နေသည့်လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက ရထားတွဲဆိုင်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး အမွှေးနံ့သာများပက်ဖျန်းပေးကာ နေပြည်တော်သို့ လိုက်ပါကြမည့် ခရီးသည်များအား ရထားပေါ်၌ ရင်းနှီးစွာလိုက်လံနှုတ်ဆက်၍ စားသောက် ဖွယ်ရာများ ပေးအပ်ကြသည်။အဆိုပါ ရထားသည် နံနက် ၆ နာရီတွင် ရန်ကုန်ဘူတာကြီးမှ စတင်ထွက်သည်။
အလားတူ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာ့မီးရထားတာဝန်ရှိသူများနှင့်အတူ မန္တလေးဘူတာကြီး၌ အမှတ်(၂၈)အစုန် လေအိတ်ရထားခရီးစဉ်သစ် အဖြစ် နေပြည်တော်သို့ စတင်ထွက်ခွာမည့် ရထားတွဲဆိုင်းပေါ်သို့တက်ရောက်၍ စီးနင်းလိုက်ပါကြမည့် ခရီးသည်များအား စားသောက်ဖွယ်ရာများပေးအပ်ကာ ခင်မင်ရင်းနှီးစွာ ပို့ဆောင်နှုတ်ဆက်ပြီး နံနက် ၆ နာရီတွင် ရထားစတင်ထွက်ခွာသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် မြန်မာ့မီးရထား တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ဘူတာကြီးတွင် အမှတ်(၂၈)အစုန် မန္တလေး-နေပြည်တော်လေအိတ် ရထားခရီးစဉ်သစ်ဖြင့် နံနက် ၁၁ နာရီတွင် ဆိုက်ရောက်လိုက်ပါလာကြသည့် ခရီးသည်များကို လည်းကောင်း၊ အမှတ်(၇)အဆန် ရန်ကုန်-နေပြည်တော်ခေတ်မီ DEMU ရထားခရီးစဉ်သစ်ဖြင့် နံနက် ၁၁နာရီခွဲတွင် ဆိုက်ရောက်လိုက်ပါ လာကြသည့် ခရီးသည်များကို လည်းကောင်း ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် နေပြည်တော်ကောင်စီ၊ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့သည် နေပြည်တော်ဘူတာမှ ရန်ကုန်သို့ မွန်းတည့် ၁၂ နာရီတွင် ထွက်ခွာမည့် အမှတ်(၈)အစုန် ခေတ်မီ DEMU ရထားခရီးစဉ်သစ်ဖြင့် လိုက်ပါမည့် ခရီးသည်များကိုလည်းကောင်း၊ ဒုတိယ ဝန်ကြီး ဦးလူမွန်နှင့် ဌာန ဆိုင်ရာအကြီး အကဲများသည် မွန်းတည့် ၁၂ နာရီတွင် မန္တလေးသို့ ထွက်ခွါမည့် အမှတ်(၂၇)အဆန် လေအိတ်ရထားခရီးစဉ်သစ်ဖြင့် လိုက်ပါသွားကြမည့် ရထားစီးခရီးသည်များကို လည်းကောင်း စားသောက်ဖွယ်ရာများပေးအပ်ပြီး ခင်မင်ရင်းနှီးစွာ ပို့ဆောင်နှုတ်ဆက်ကြသည်။ နေပြည်တော် ဘူတာမှ ထွက်ခွာကြသည့် အမှတ်(၂၇)အဆန်လေအိတ် ရထားသည် မန္တလေးသို့ ညနေ ၅ နာရီနှင့် အမှတ်(၈) အစုန် ခေတ်မီ DEMU ရထားသည် ရန်ကုန်သို့ ညနေ ၅ နာရီခွဲတွင် ရောက်ရှိကြသည်။
အဆိုပါ ခေတ်မီလေအေးပေးစက်ပါ DEMU ရထားများနှင့် လေအိတ်ရထားများအား နေပြည်တော် ဘူတာတွင် ရထားကူးပြောင်းလျက် ရန်ကုန်နှင့် မန္တလေးတို့သို့ ခရီးစဉ်အစအဆုံး လိုက်ပါစီးနင်းနိုင်မည် ဖြစ်သည်။ ယခင်က ရန်ကုန်မှ မန္တလေးအထိ ပြေးဆွဲချိန် စုစုပေါင်း ၁၉ နာရီခန့် ကြာမြင့်ခဲ့သော်လည်း ယခုအခါ လမ်းပိုင်းများ ပိုမိုကောင်းမွန်လာခြင်း၊ ခေတ်မီအချက် ပြစနစ်သို့ အဆင့်မြှင့်တင်အသုံးပြု လာနိုင်ခြင်း၊ ခေတ်မီစက်ခေါင်းနှင့် လူစီးတွဲဆိုင်းများ အသုံးပြုလာနိုင်ပြီဖြစ်ခြင်းတို့ကြောင့် ရထားအမြန်နှုန်း တိုးမြှင့်ပေးကာ ရန်ကုန်- နေပြည်တော် ခရီးစဉ်တွင် ၅ နာရီခွဲနှင့် နေပြည်တော်-မန္တလေးခရီးစဉ်တွင် ၅ နာရီ၊ နေပြည်တော်၌ ရထားကူး ပြောင်းချိန် ၃၀ မိနစ်၊ စုစုပေါင်း ၁၁ နာရီခန့်ဖြင့် ပြေးဆွဲချိန်ကို သိသာစွာလျှော့ချလျက် ရထားစီးခရီးသည်များ ပိုမိုစိတ်ချမ်းမြေ့စွာခရီးသွားလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့ စတင်တိုးချဲ့ချိတ်ဆက်ပြေးဆွဲပေးသည့် ရထားခရီးစဉ်များ၌ လိုက်ပါလာကြသော ဌာနဆိုင်ရာ ရုံးဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သာမန်ခရီးသွားပြည်သူများစသည့် ခရီးသည်များအနေဖြင့်လည်း ပိုမိုအဆင်ပြေ စိတ်ချမ်းသာစွာ စီးနင်းနိုင်ခြင်း၊ ခရီးသွားကြာမြင့်ချိန်များ လျော့ကျသက်သာလာခြင်းစသည့် အကျိုးရလဒ်များကို လက်တွေ့သိမြင် ခံစားလာရခြင်း ကြောင့် နိုင်ငံတော်အစိုးရ၏ စေတနာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ စီမံဆောင်ရွက်မှု၊ မြန်မာ့မီးရထားဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်နေမှုတို့ အပေါ် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်လျက်ရှိကြကြောင်း သိရှိရသည်။
မြန်မာ့မီးရထားသည် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ယခုတိုးချဲ့ပြေးဆွဲပေးသည့် ရထားခရီးစဉ်များအပြင် မူလပြေးဆွဲပေးနေသည့် အမှတ်(၁၁)အဆန်၊ (၁၂)အစုန် အမြန်လူစီးရ ထားခရီးစဉ်များ ကိုလည်း ပြေးဆွဲချိန် ၁၃ နာရီ ၁၅ မိနစ် အချိန်စာရင်းအသစ်ဖြင့် ပြေးဆွဲပေး လျက်ရှိပြီး၊ မကြာမီတွင် ပြေးဆွဲချိန် ထပ်မံလျှော့ချနိုင်ရေး စီစဉ်လျက်ရှိသည်။ အထက်ပါ ရထားခရီးစဉ်များအတွက် ရထား ထွက်ခွာ/ ဆိုက်ရောက် အချိန်စာရင်းများ၊ ထိုင်ခုံအတန်းအစားအလိုက် လက်မှတ်ခများအား နိုင်ငံပိုင်သတင်းစာများနှင့် သက်ဆိုင်ရာဘူတာ အသီးသီး တို့တွင် ကြိုတင်ကြေညာထားပြီး ရထားလက်မှတ်များကို သက်ဆိုင်ရာဘူတာများ၌ နေ့ချင်းလာ ရောက် ဝယ်ယူနိုင်သကဲ့သို့ ခရီးသွားရက်မတိုင်မီ ရန်ကုန်မြို့၌ ရန်ကုန်ဘူတာကြီး၊ အင်းစိန်ဘူတာနှင့် တိုးကြောင်ကလေး ဘူတာတို့တွင်လည်းကောင်း၊ နေပြည်တော်၌ နေပြည်တော်ဘူတာကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ် (၅)၊ ပျဉ်းမနားဘူတာနှင့် သပြေကုန်းဈေးတို့တွင်လည်းကောင်း၊ မန္တလေးမြို့၌ မန္တလေး ဘူတာကြီး၊ မြို့ဟောင်းဘူတာတို့တွင်လည်းကောင်း ဝယ်ယူရရှိနိုင်ပြီး Online စနစ်ဖြင့် ရက်ကြိုလက်မှတ်များ၊ အသွားအပြန် ခရီးအတွက်လက်မှတ်များကို တစ်ပါတည်းဝယ်ယူနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)