နေပြည်တော် ၅ ဇူလိုင်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၄ ရက် နှင့် ၅ ရက်တွင် မြန်မာ့မီးရထားရုံးချုပ် ဘဝသံသရာ ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အဆင့်မြှင့်ရထားများပြေးဆွဲရန် လုပ်ဆောင်နေပြီဖြစ်သည့်အတွက် ရောက်ရှိလာမည့် တွဲများကိုမည့်သည့်လမ်းပိုင်းတွင် ပြေးဆွဲမည်၊ ရထားတစ်စီးတွင်ချိတ်ဆက် သွားမည့် တွဲအရေအတွက် နှင့်အမျိုးအစားများ၊ လက်မှတ်ခနှုန်းထားများ၊ တွဲများနှင့်ချိတ်ဆက် အသုံးပြုသွားမည့် စက်ခေါင်း လိုအပ်ချက်များကို ကြိုတင်လေ့လာ စဉ်းစားထားကြရန် လိုအပ်ပါကြောင်း၊ မြန်မာ့မီးရထား အရာရှိကြီးများအနေနှင့် မိမိတို့တာဝန်ယူရသည့် ဌာနအလိုက်၊ စက်ရုံအလိုက်၊ မြန်မာ့မီးရထား တိုင်းများအလိုက် လက်ရှိဆောင်ရွက်နေသည့် အခြေအနေအရပ်ရပ်ကို ပွင့်ပွင့်လင်းလင်းနှင့် အခြေအနေမှန်ကိုတင်ပြရန် လိုအပ်ပါကြောင်း၊ သို့မှသာ အားနည်းချက်၊ အာသာချက်များကို ဝိုင်းဝန်းစဉ်းစားဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ အခြားပို့ဆောင်ရေးလုပ်ငန်းများကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်ပြီး ဈေးကွက် ယှဉ်ပြိုင်နိုင်အောင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်များကို သိရှိပြီး ပြည်သူကိုအကူအညီပေး လိုသည့် ဝန်ထမ်းများဖြစ်ရန်လိုအပ်ပါကြောင်း၊ အဂတိ လိုက်စားမှုကင်းသော ဝန်ထမ်းများဖြစ်ရန် အထူးလိုအပ်ပါကြောင်း မှာကြားသည်။
ထို့နောက် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက မြန်မာ့မီးရထား၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု စက်ခေါင်း၊ တွဲများ တည်ဆောက်သွားမည့်အခြေအနေနှင့် ရထား အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြန်မာ့မီးရထားရှိ စက်ရုံများ၊ တိုင်း(၁၁)တိုင်းမှ တာဝန်ရှိသူများက မိမိတို့၏လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများ၊ အားရှင်းလင်းတင်ပြကြရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များအပေါ် မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


