နေပြည်တော် ၁၅ မေ 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားရုံးချုပ် အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀)နာရီတွင် ရန်ကုန်-မန္တလေးလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် အသုံးပြုမည့် အရှည်(၈၂)ပေ JIS.50 N သံလမ်းသစ် (၃၀ဝ၀)တန်ကို ဆူးလေဆိပ်ကမ်းမှ ရွာသာကြီးကုန်းတွင်းဆိပ်သို့ သယ်ယူခဲ့ပြီး ရွာသာကြီး Dry Port ယာဒ်ဝန်းတွင် အသုံးပြုခွင့်ကူညီစီစဉ်ပေးခဲ့သော Resources Group Logistics Co, Ltd နှင့် မြန်မာ့မီးရထားရုံးချုပ် ဘဝသံသရာခန်းမတွင် ဝန်ထမ်းများ အစည်းအဝေးပြုလုပ်သည့်အခါ အဆင်ပြေစွာဆောင်ရွက်နိုင်ရန် လေအေးပေးစက် (၆)လုံး လှူဒါန်းပေးအပ်ခဲ့သော Resources Group Logistics Co, Ltd နှင့် Kerry Logistics Network Co, Ltd တို့အား ဂုဏ်ပြုချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်၊ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ Resources Group Logistics Co, Ltd နှင့် Kerry Logistics Network Co, Ltd တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်မှ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် အသုံးပြုမည့် အရှည်(၈၂)ပေရှိ သံလမ်းသစ်(၃၀ဝ၀)တန်ကို မှာယူထားရာ မေလ(၁)ရက်နေ့တွင် ဂျပန်နိုင်ငံမှ Taikli သင်္ဘောဖြင့် ရောက်ရှိလာပြီး ရန်ကုန်ဆူးလေဆိပ်ကမ်းမှ ရွာသာကြီး Dry Port ယာဒ်ဝန်းအထိ ရထားဖြင့်     သယ်ဆောင်ခဲ့ရာ Dry Port ယာဒ်ဝန်းတွင် သံလမ်းများထားရှိရန် အခမဲ့အသုံးပြုခွင့် ပေးခဲ့သည့်အတွက်လည်းကောင်း၊ မြန်မာ့မီးရထားအတွက် လေအေးပေးစက်များ လှူဒါန်းပေးခဲ့ခြင်းအတွက်လည်းကောင်း ကျေးဇူးတင်စကားပြောကြားခဲ့ပြီး Resources Group Logistics Co, Ltd မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်မော်နှင့် Kerry Logistics Network Co, Ltd မှ အထွေထွေမန်နေဂျာ ဦးညီထွဋ်တို့က ကူညီဆောင်ရွက်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်၊ အထွေထွေမန်နေဂျာ (အင်ဂျင်နီယာစီမံ) ဦးအောင်ဝင်းတို့မှ ရွာသာကြီး Dry Port ယာဒ်ဝန်းအား အခမဲ့အသုံးပြုခွင့်ပြုခဲ့သည့် Resources Group Logistics Co, Ltd နှင့် လေအေးပေးစက်များ လှူဒါန်းပေးခဲ့သည့် Kerry Logistics Network Co, Ltd တို့အား အသီးသီးဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရှိရသည်။

(သတင်းစဉ်)