နေပြည်တော် ၂၇ ဇွန်
မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း(၂၀၁၇)မှ ကောက်ယူရရှိသည့် အချက်အလက်များကိုအခြေခံ၍ စိစစ်ပြုစုထုတ်ပြန်သည့် ဆင်းရဲနွမ်းပါးမှုအစီရင်ခံစာ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း(၂၀၁၇) ဆင်းရဲနွမ်းပါးမှုအစီရင်ခံစာသည် ဗဟိုစာရင်းအင်းအဖွဲ့၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)နှင့် ကမ္ဘာ့ဘဏ် (World Bank) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့်ရရှိခဲ့သည့် ရလဒ်ဖြစ်ပြီး ထူးခြားသည့် အောင်မြင်မှုသမိုင်းမှတ်တိုင် တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဆင်းရဲမှုနှင့်မညီမျှမှုများကို ဖြေရှင်းနိုင်ရန် မူဝါဒချမှတ်ရာတွင် အထောက်အကူပြုပါကြောင်း၊ အဆိုပါ အစီရင်ခံစာသည် မြန်မာနေထိုင်မှု အခြေအနေစစ်တမ်း (၂၀၁၇)၏ အချက်အလက်များကို အခြေခံ၍ ပြုစုထားသော ဒုတိယအစီရင်ခံစာဖြစ်ပါကြောင်း၊ ဆင်းရဲနွမ်းပါးမှုကို တွက်ချက်ရာတွင် ရှုထောင့်ပေါင်းစုံမှနေ၍ စိစစ်တွက်ချက်ပါကြောင်း၊ နိုင်ငံ၏ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်ရောက်ရှိနေသော လူဉီးရေသည် ၂၀ဝ၅ ခုနှစ်တွင် ၄၈ ဒသမ ၂ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၂၄ ဒသမ ၈ ရာခိုင်နှုန်းသို့ ကျဆင်းသွားပါကြောင်း။
ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ ဆင်းရဲနွမ်းပါးမှုနှုန်းသည် အမြင့်မားဆုံးဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဆင်းရဲနွမ်းပါးမှုနှုန်း အနည်းဆုံးဖြစ်ပါကြောင်း၊ ဆင်းရဲနွမ်းပါးမှုကို ကျေးလက်ဒေသများတွင် အများဆုံးတွေ့ရှိရပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍရှိ အလုပ်အကိုင်များတွင် ဝင်ငွေနည်းခြင်းသည် ဆင်းရဲနွမ်းပါးခြင်းနှင့် ယှဉ်တွဲနေပါကြောင်း၊ စိုက်ပျိုးရေး အလုပ်အကိုင်များမှ အခြားအလုပ်အကိုင်များသို့ ကူးပြောင်းလုပ်ကိုင်သူများသည် ပိုမိုကောင်းမွန်သော နေထိုင်မှုအခြေအနေများ ရရှိလာပါကြောင်း၊ စိုက်ပျိုးရေးလုပ်ကိုင်သူများတွင် မြေယာပိုင်ဆိုင်သူများသည် ပိုင်ဆိုင်မှုမရှိသူများထက် လူမှုဘဝအခြေအနေပိုမို မြင့်မားပါကြောင်း၊ အဆိုပါအစီရင်ခံစာမှ နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးတို့နှင့်စပ်လျဉ်းသည့် အကြံပြုချက်များကို ရရှိပါကြောင်း။
အလုပ်လက်မဲ့ပြဿနာများကို ဖြေရှင်းရာတွင်လည်း အထောက်အကူပြုပါကြောင်း၊ သယ်ယူပို့ဆောင်ရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် မိလ္လာစနစ် ကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေးနှင့် ပညာရေးကောင်းမွန်စေရေး စသည့် အချက်များကို အစိုးရနှင့်ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရန် ဆောင်ရွက်သင့်ပါကြောင်း၊ အရေးကြီးသည့်ကဏ္ဍများ ဖြေရှင်းရန် ခိုင်မာသော စီမံကိန်းများရေးဆွဲရာတွင်လည်းကောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals - SDGs)ကို မြန်မာနိုင်ငံတွင် အကောင်ထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပြည်သူတို့၏ အခြေအနေမှန်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ပါဝင်ဆောင်ရွက်သူများ ကိုဂုဏ်ပြုပါကြောင်း၊ ပံ့ပိုးကူညီပေးသည့် UNDP နှင့် World Bank တို့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကမ္ဘာ့ဘဏ် (World Bank)မှ Head of Office Mr. Gevorg Sargsyan နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ Resident Representative Mr.PeterBatchelor တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်၊ UNDP မှ Project Analyst စစည်သူထိုက်စံ၊ ကမ္ဘာ့ဘဏ်မှ Senior Economist Mr. Clarence TsimpoNkengne နှင့် ဗဟိုစာရင်းအင်းအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဆက်ရည်တို့က မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း (၂၀၁၇) မှ ကောက်ယူရရှိသည့် အချက်အလက်များကို အခြေခံ၍ စိစစ်ပြုလုပ်ထုတ်ပြန်သည့် ဆင်းရဲနွမ်းပါးမှုအစီရင်ခံစာ၏ အဓိကအချက်အလက်များအား ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် စီးပွားရေးပညာရှင် ဒေါက်တာတင်မောင်သန်း ဦးဆောင်၍ စီမံကိန်း ရေးဆွဲရေးဦးစီးဌာန၊ မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်း၊ အရပ်ဘက်လူ့အဖွဲ့အစည်း၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်နှင့် ကမ္ဘာ့ဘဏ်တို့မှ ကိုယ်စားလှယ်များက “What will it take to eradicate poverty in Myanmar?” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က နိဂုံးချုပ်အမှာစကားပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ စီးပွားရေးနှင့် သက်ဆိုင်သည့်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း(၂၀၁၇)ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့သည် ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂဖွွံ့ဖြိုးမှုအစီအစဉ်တို့၏ အကူအညီဖြင့် နေပြည်တော်ကောင်စီအပါအဝင်၊ တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးရှိ မြို့နယ်ပေါင်း ၂၉၆ မြို့နယ်တွင် စာရင်းကောက်ကွက် ၁၁၄၅ ခုမှ အိမ်ထောင်စုပေါင်း ၁၃၇၃၀ စုအား ၃ လတစ်ကြိမ်ဖြင့် တစ်နှစ်ပတ်လုံးကောက်ယူခဲ့ပြီး ရရှိသည့်အချက် အလက်များကိုအခြေခံ၍ စိစစ်ပြုစုထုတ်ပြန်သည့် ဆင်းရဲနွမ်းပါးမှုအစီရင်ခံစာအား နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒချမှတ်ရာတွင် လည်းကောင်း၊ စာရင်းအင်းကိန်းဂဏန်း အသုံးပြုသူများအတွက်လည်းကောင်း ရည်ရွယ်၍ ဆင်းရဲနွမ်းပါးမှု အစီရင်ခံစာ မိတ်ဆက်ပွဲအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


