နေပြည်တော်၊ ဧပြီ ၄
မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့၏ (၁/၂၀၂၄) အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ နေပြည်တော်၌ ကျင်းပသည်။ 
ဦးစွာ   မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ၊   ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့သည်  မြန်မာနိုင်ငံတစ်ဝှမ်းရှိ အများပြည်သူများ နေ့စဉ်စားသောက်သုံးစွဲနေသည့် အစားအသောက်နှင့် ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေး ပြည့်မီရေးအတွက် အမျိုးသား အစားအသောက်ဥပဒေ၊ အမျိုးသားဆေးဝါးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မူဝါဒများချမှတ်ခြင်း၊ ကောင်းမွန်သော ကျင့်စဉ်များသတ်မှတ်ပေးခြင်း၊ နိုင်ငံတကာအဆင့်မီ စံချိန်စံညွှန်းများ သတ်မှတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနေသည့် အဓိကကျသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ဦးတည်ချက် (၉) ရပ်အနက် စီးပွားရေးဦးတည်ချက်ဖြစ်သည့် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေးအစရှိသည့် ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး အစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း။  
အစားအသောက်ကွင်းဆက်တစ်လျှောက်တွင် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူကာ ကြီးကြပ်ကွပ်ကဲလျက်ရှိသည့် သက်ဆိုင်ရာဌာန အသီးသီး၏ တာဝန်နှင့်ဝတ္တရားများ တိကျစွာ ခွဲခြားသတ်မှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကိုလည်း ကျင်းပသွားရန်ရှိကြောင်း၊ အာဏာပိုင်အဖွဲ့ အနေဖြင့် ပြောင်းလဲတိုးတက်နေသည့် ခေတ်စနစ်နှင့်အညီ လမ်းညွှန်ချက်များ၊ မူဝါဒများ၊ စည်းကမ်းချက်များကို ချမှတ်ပေးမှသာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မှာဖြစ်သည့်အတွက် အစားအသောက်နှင့် ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီရေးအတွက် သက်ဆိုင်ရာ ဦးစီးဌာနအလိုက် အကြံပြုချက်များ၊ လမ်းညွှန်ချက်များကို ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း၊ ပြည်သူလူထုအနေဖြင့် စံချိန်စံညွှန်းမီဆေးဝါးများ အသုံးပြုနိုင်စေရေး၊ ဈေးကွက်အတွင်း ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး၊ ဆေးဝါးများ၏ ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။ 
ဆက်လက်၍ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်က မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့၏ (၁/၂၀၂၃) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ‌ဆောင်ရွက်ပြီးစီးခဲ့မှုများ၊ လက်ရှိဆောင်ရွက်ဆဲ အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိင်္ဂီဇင်မှ တရားမဝင်အစားအသောက်/ ဆေးဝါး/ ဆေးပစ္စည်း၊ အလှကုန်/ လူသုံးကုန်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍လည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍  တာဝန်ရှိပုဂ္ဂိုလ်များကလည်းကောင်း ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။ 
ယင်းနောက် တင်ပြဆွေးနွေးချက်များအပေါ် အသေးစိတ်ညှိနှိုင်းဆွေးနွေး၍ အစည်းအဝေးမှ ဆုံးဖြတ်ချက်များ ချမှတ်ကာ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့၊ ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားသည်။ 
အစည်းအဝေးသို့ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ အထူးဖိတ်ကြားထားသော ကိုယ်စားလှယ်များနှင့် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်