နေပြည်တော် ၅ ဇွန် 

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့ဝင်များအား ယနေ့နံနက် ၁၁ နာရီက အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။ 

ရှေးဦးစွာ အာရှပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ကြပြီး မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် အုပ်ချုပ်သူ ဦးချစ်ငြိမ်းလွင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့တွင် ၂၀၁၉ ခုနှစ် ဇွန်(၁၀)ရက်မှ (၁၄)ရက်အထိ ကျင်းပပြုလုပ်မည့် ၂၀၁၉ ခုနှစ် အာရှပိုက်ကျော်ခြင်း ဖိတ်ခေါ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ကိစ္စရပ်များနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ နည်းပြ ဦးဇော်ထိုက်အောင်က အားကစားသမားရွေးချယ်ပုံများ၊ လေ့ကျင့်ပုံနည်းစနစ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နိုင်ငံတကာ၏ ပြောင်းလဲတိုးတက်လာသည့် အားကစားနည်းစနစ် လေ့ကျင့်ပုံများကို သေချာလေ့လာမှတ်သားပြီး မိမိနိုင်ငံသို့ ပြန်ရောက်သည့်အခါ ၎င်းအားကစားနည်းများကို သိပ္ပံနည်းကျပြန်လည် လေ့ကျင့်သင်ကြားနိုင်ရန်၊ အားကစားနည်းဆိုင်ရာ စီမံချက်များ ပြန်လည်တင်ပြကြရန်၊ မိမိတို့၏ အားကစားပုံရိပ်ကို နိုင်ငံတကာအလယ်တွင် မြှင့်တင်နိုင်ရန်လိုအပ်ကြောင်း မှာကြားသည်။ 

သတင်းစဉ်