ရန်ကုန်၊ မတ် ၇
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများအတွက် ဌာနတွင်း လူ့အခွင့်အရေး အသိပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ကော်မရှင်ရုံး Conference Room ၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လိုက်နာနေထိုင်ရမည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ သင်တန်း တက်ရောက်ကြမည့် ကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က ကော်မရှင်ရုံး ဝန်ထမ်းများ၏ လူ့အခွင့်အရေးဆိုင်ရာ အသိပညာ မြင့်မားလာစေခြင်းဖြင့် ကော်မရှင်၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်ရန် အထောက်အပံ့ ပေးနိုင်သည့် လုပ်ငန်းကျွမ်းကျင်သူများ ဖြစ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ လူ့အခွင့်အရေး ဘာသာရပ်ဆိုင်ရာ သင်တန်းအား (၂) ကြိမ် ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကို မပျက်မကွက် တက်ရောက်ပြီး လုံ့လဝီရိယဇွဲရှိရှိဖြင့် ကြိုးစားလေ့လာဆည်းပူးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။ ထို့နောက် သင်တန်းတက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများက မိတ်ဆက်စကားများ အသီးသီးပြောကြားခဲ့သည်။
ဌာနတွင်း လူ့အခွင့်အရေး အသိပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ကို ကော်မရှင် ရုံးခွဲများမှ ဝန်ထမ်းများ အပါအဝင် သင်တန်းသားဦးရေ (၂၁) ဦးဖြင့် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၅) ရက်ကြာ မြင့်မည်ဖြစ်ကြောင်းနှင့် Online မှတစ်ဆင့် Zoom Platform ကို အသုံးပြု၍ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ် (၁၃) ခုဖြင့် သင်ကြားသွားမည်ဖြစ်ကြောင်း၊ အလားတူ ဌာနတွင်း လူ့အခွင့်အရေး အသိပညာပေးသင်တန်း ဒုတိယအသုတ်ကို ဧပြီလအတွင်း ထပ်မံဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


