နေပြည်တော် ၁၇ ဇူလိုင်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်စိုးတို့ ဦးဆောင်သော ကြည့်ရှု စစ်ဆေးရေးအဖွဲ့သည် ဇူလိုင် ၁၅ ရက်တွင် ရမည်းသင်း-အကျဉ်းထောင်၊ ရမည်းသင်းမြို့ပေါ်ရှိ တရားရုံး၊ ဆေးရုံ၊ ရဲစခန်းအချုပ်ခန်းများကို လည်းကောင်း၊ ဇူလိုင် ၁၆ ရက်တွင် ကင်းသာ (၁၊ ၂) ကုန်ထုတ်စခန်းများကိုလည်းကောင်း၊ ဇူလိုင် ၁၇ ရက်တွင် ပျဉ်းမနားမြို့မ ရဲစခန်း၊ အချုပ်ခန်း၊ နေပြည်တော် အချုပ်ထောင်တို့ကိုလည်းကောင်း ကြည့်ရှု စစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းထောင်၊ အချုပ်ထောင်၊ ကုန်ထုတ်စခန်းများအတွင်းရှိ အကျဉ်းသား / အကျဉ်းသူ အိပ်ဆောင်များ၊ ရိက္ခာဂိုဒေါင်တွင် ပစ္စည်းများထားရှိမှု၊ တိုက်ခန်းများ၊ ဆေးရုံဆောင်များနှင့် စားဖိုကြီး၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများ၊ ထောင်ဝင်စာ အခန်းများနှင့် လတ်တလော ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လုပ်ဆောင်ထားရှိမှု တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး တစ်ဦးချင်းတွေ့ဆုံလိုသူအကျဉ်းသား၊ အကျဉ်းသူများ၊ အချုပ်သား၊ အချုပ်သူများနှင့် တွေ့ဆုံကာ လူ့အခွင့်အရေးဖောက်ဖျက်မှုခံရခြင်း ရှိ မရှိ၊ ထောင်ဝင်စာ တွေ့ဆုံရာတွင် အခက်အခဲများ ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ မရှိ၊ ကုန်ထုတ်စခန်းများတွင် အလုပ်ချိန်အတိုင်း ခိုင်းစေမှု၊ နေထိုင်စားသောက်ရေး အခြေအနေများ၊ အကျဉ်းထောင်အတွင်း အခြေခံ လူ့အခွင့်အရေးများရရှိမှု ရှိ၊ မရှိတို့နှင့်စပ်လျဉ်း၍ မေးမြန်းမှတ်တမ်းတင်ခဲ့ကြသည်။
ရဲစခန်း၊ တရားရုံး အချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးစဉ် အချုပ်သားများကို တွေ့ဆုံ၍ အခက်အခဲများ မေးမြန်းခြင်း၊ ရမည်းသင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အကျဉ်းသား၊ အကျဉ်းသူတို့ကို တွေ့ဆုံ၍ အခက်အခဲများမေးမြန်း၍ လိုအပ်သည်များကို ဆေးရုံအုပ်ကြီး၊ ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာနတို့နှင့် ပေါင်းစပ်ညှိနှိုင်း ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေး နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုတိုက်တွန်းချက်များ ပေးပို့ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် ကြည့်ရှုစစ်ဆေးချိန်တွင်လည်း ချက်ချင်းပြုပြင်ရန်ရှိသည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


