နေပြည်တော် ၁၄ ဩဂုတ်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်စိုးတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဩဂုတ် ၁၃ ရက်က မြင်းခြံဗဟိုအကျဉ်းထောင်နှင့် မြင်းခြံမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းထောင်အတွင်းရှိ အကျဉ်းသား/အကျဉ်းသူ အိပ်ဆောင်များ၊ တိုက်ခန်းများ၊ ဆေးရုံဆောင်များနှင့် စားဖိုကြီး၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများနှင့် လတ်တလော ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လုပ်ဆောင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် တစ်ဦးချင်း တွေ့ဆုံလိုသူ အကျဉ်းသား၊ အကျဉ်းသူများ၊ အချုပ်သား၊ အချုပ်သူများနှင့် တွေ့ဆုံကာ လူ့အခွင့် အရေး ဖောက်ဖျက် ခံရခြင်း ရှိ မရှိ၊ ထောင်ဝင်စာ တွေ့ဆုံရာတွင် အခက်အခဲများ ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများရရှိခြင်း ရှိ မရှိ၊ နေထိုင်စားသောက်ရေး အခြေအနေများ၊ ကျန်းမာရေး စောင့်ရှောက်ပေးနေမှု အခြေအနေများ၊ အကျဉ်းထောင်အတွင်း အခြေခံလူ့အခွင့်အရေးများရရှိမှု ရှိ မရှိစသည့် အခြေအနေများနှင့် စပ်လျဉ်း၍ မေးမြန်းမှတ်တမ်းတင်ခဲ့ကြသည်။
ရဲစခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးစဉ် အချုပ်သား၊ အချုပ်သူများကို တွေ့ဆုံ၍ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ရှိ မရှိနှင့် အခြား ကြုံတွေ့ရသည့် အခက်အခဲများကို မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့သည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်များကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုတိုက်တွန်းချက်များ ပေးပို့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)