နေပြည်တော်၊ အောက်တိုဘာ ၉
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးမှ အရာထမ်း/အမှုထမ်းများအတွက် ၂၀၂၃ခုနှစ်၊ အခြေခံရုံးလုပ်ငန်းသင်တန်း (ဒုတိယအကြိမ်) သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ကော်မရှင်ရုံး Conference Room ၌ ကျင်းပသည်။
အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ သင်တန်းတက်ရောက်ရမည့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များသည် ရုံးလုပ်ငန်းများ စွမ်းဆောင်ရာတွင် အရေးကြီးသည့်အပြင် ကော်မရှင်၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် အရည်အသွေး မြှင့်တင်ပေးခြင်းဖြစ်ကြောင်း၊ အခြေခံ သင်တန်း ပြီးလျင်လည်း အခြားစွမ်းဆောင်ရည် မြင့်မားစေမည့် သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ သင်ကြားပေးမည့် နည်းပြများအနေဖြင့်လည်း အားထုတ်သင်ကြား ပေးစေလိုပြီး သင်တန်းသား/ သူများအနေဖြင့်လည်း အလေးထားကြိုးစား သင်ယူသွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်က သင်တန်းတွင်း လိုက်နာရန်စည်းကမ်းများ၊ အုပ်ချုပ်မှုဆိုင်ရာ ညွှန်ကြားချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
အဆိုပါ သင်တန်းအား ကော်မရှင်ရုံးချုပ်နှင့် ရုံးခွဲများအပါအဝင် သင်တန်းသား အရာထမ်း/ အမှုထမ်း (၁၆) ဦးဖြင့် အောက်တိုဘာ ၉ ရက်မှ ၂၀ ရက်အထိ (၂)ပတ်ကြာ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်