လွိုင်ကော်  ၂၉  ဇွန် 

 

ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် စုပေါင်းကာယ လေ့ကျင့်ခန်း ပြုလုပ်ခြင်းနှင့် စုပေါင်း အမှိုက်ကောက်ခြင်းကို ယနေ့နံနက် ၇ နာရီက လွိုင်ကော်မြို့၊ ထေးငှားလျားကန်၌ ပြုလုပ်သည်။

 

ရှေးဦးစွာ ကယားပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါ်မြင့်မြင့်မော်နှင့် အမျိုးသမီးရေးရာကော်မတီ အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ အမျိုးသမီးများ၊ အားကစားနှင့် ကာယသိပ္ပံကျောင်းမှ ကျောင်းသူများနှင့် သဘာဝ ပတ်ဝန်းကျင် ချစ်မြတ်နိုးသူများက စုပေါင်း ကိုယ်လက်လေ့ကျင့်ခန်းနှင့် Myanmar Fitness Dance လှုပ်ရှားမှုများ ပြုလုပ်ကြပြီး ထေးဌားလျားကန် ပတ်ပတ်လည် တစ်လျှောက် စုပေါင်း အမှိုက်ကောက် ကြသည်။

 

အဆိုပါ လှုပ်ရှားမှုသို့ တက်ရောက် လာသူများအား လူမှုဝန်ထမ်းနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ သောက်ရေသန့်ဗူးများ၊ ပေါင်မုန့်များနှင့် အမှိုက်ကောက်ရန် အတွက် လက်အိတ်များ၊ အမှိုက်အိတ်များ ပေးခဲ့ကြောင်း သိရသည်။

 

လွိုင်ကော်သား