ဘားအံ ၂၇ ဇွန်
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကရင်ပြည်နယ် အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ် တက္ကသိုလ်၊ ကောလိပ်အဆင့် ဆောင်းပါးပြိုင်ပွဲကို ဇွန် ၂၇ ရက်၊ နံနက်(၉)နာရီက ဘားအံတက္ကသိုလ် Theatre ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆောင်းပါးပြိုင်ပွဲအား "အမျိုးသမီးများ ဘဝလုံခြုံရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး" ခေါင်းစဉ်ဖြင့် ဘားအံတက္ကသိုလ်မှ(၂၅)ဦး၊ ဘားအံပညာရေးကောလိပ်မှ (၂၀)ဦး၊ သူနာပြုသင်တန်းကျောင်းမှ(၃)ဦး၊ စိုက်ပျိုးရေးသိပ္ပံ (ဇွဲကပင်)မှ (၇)ဦး၊ ဘားအံကွန်ပျူတာတက္ကသိုလ်မှ(၁၀)ဦး စုစုပေါင်း(၆၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အလားတူ ဇွန် ၂၉ ရက်တွင် အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကိုလည်း ကျင်းပပေးမည်ဖြစ်ပြီး ပြိုင်ပွဲ(၂)မျိုးလုံးတွင် ဆုရရှိသူများအား ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ကျင်းပမည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် ပထမဆု(၁)သိန်း၊ ဒုတိယဆု(၈)သောင်း၊ တတိယဆု(၇)သောင်း အသီးသီး ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆောင်းပါးပြိုင်ပွဲသို့ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးဇော်မင်း၊ ဘားအံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းသန်းမြင့်၊ မော်ကွန်းထိန်းဦးအောင်မျိုးမြင့်၊ လက်ထောက်မော်ကွန်းထိန်းများ၊ ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


