နေပြည်တော်၊ ဇူလိုင် ၂၂
မြန်မာနိုင်ငံ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ စားသုံးဆီဖူလုံစေရေးနှင့် ဆီစက်များ အဆင့်မြှင့်တင်ရေး ဆောင်ရွက်ရန်ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ စို ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် သာမက နိုင်ငံတကာတွင် လက်ရှိဖြစ်ပေါ်နေသော စားသုံးဆီလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး မျှော်မှန်း ဆောင်ရွက်ရာ၌ ဆီထွက်သီးနှံများတိုးချဲ့ စိုက်ပျိုးထုတ်လုပ်ရေးနှင့် ဆီစက်များ၏ ကြိတ်ခွဲ ထုတ်လုပ် နိုင်မှုစွမ်းအားမြှင့်တင်ရေးသည် အရေးကြီးသောကဏ္ဍက ပါဝင်နေပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က “ဆီစားသုံးမှု လျှော့ချရေး၊ ဆီထွက်သီးနှံများ တစ်ဧက အထွက်နှုန်း တိုးတက်ရေးတွင် သေချာသောသီးနှံကို ဦးစားပေးအလိုက် ဆောင်ရွက်ရေး၊ စိုက်ဧက တိုးချဲ့ရေးနှင့် ဆီစက်များကြိတ်ခွဲမှု အဆင့်မြှင့်တင်ရေး” လမ်းညွှန်မှုပြုထားကြောင်း၊ လုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုဝန်ကြီး (၆)ဦး ပါဝင်သော စားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ဆီစက်များ အဆင့်မြှင့်တင်ခြင်းနှင့် ခေတ်မီဆီစက်အသစ်များ တည်ဆောက်ခြင်း လုပ်ငန်း များတွင် ရင်းနှီးမြုပ်နှံမှုကို ဖြည့်ဆည်းပေးရန် နိုင်ငံတော်အစိုးရက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင် သော ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်း တာဝန်ပေး အပ်ထားပြီးဖြစ်ကြောင်း။
သို့ဖြစ်ရာ မြန်မာနိုင်ငံ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ စားသုံးဆီဖူလုံစေရေးနှင့် ဆီစက်များ အဆင့်မြှင့် တင်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ကဏ္ဍတစ်ခုနှင့်တစ်ခု အချိတ်အဆက် မိမိဆောင်ရွက်နိုင်ရေး အတွက် ညှိနှိုင်းအဖြေရှာပြီး လက်တွေ့အောင်မြင်စွာ အကောင်အထည် ဖော်နိုင်သည့် လုပ်ငန်း စီမံချက်များ ရေးဆွဲချမှတ်ရန် ယခုဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံ၏ စားသုံးဆီကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး သုတေသနဆောင်ရွက်နေမှုကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး က ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ တစ်ဧက အထွက်နှုန်းတိုးရေးနှင့် စားသုံးဆီကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အစားအသောက် ဘေးကင်းလုံခြုံရေးနှင့် ဆီစားသုံးမှုလျော့ချရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စက်မှု ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဆီစက်များ၏ လက်ရှိ အခြေအနေ နှင့် ကြိတ်ခွဲမှု အဆင့် မြှင့်တင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပုဂ္ဂလိက ဆီစက်ပိုင်ရှင်တစ်ဦး က ပုဂ္ဂလိက ကဏ္ဍမှ ဆီစက်များအဆင့်မြှင့် တင်ရေး နှင့် ရင်းနှီးမြှပ်နှံမှု တိုးမြင့်ရေးခေါင်းစဉ် ဖြင့်လည်းကောင်း၊ သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး က ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်သူ သမဝါယမအသင်းများ၊ ဆီစက်လုပ်ငန်း သမဝါယမ အသင်းများ ဖွဲ့စည်းထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆီကုန်သည်တစ်ဦးက ဆီထွက်သီးနှံများ ရောင်းဝယ်ဖောက်ကားမှုနှင့် ကုန်သွယ်မှုအခြေအနေ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက စားသုံးဆီတင်သွင်းရောင်းဝယ်ဖောက်ကားမှုနှင့် ဈေးကွက်အခြေအနေများကို လည်းကောင်း တင်ပြ ဆွေးနွေးကြရာ အစည်းအဝေး တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေး ခဲ့ကြသည်။
ထို့နောက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး က ဆွေးနွေးတင်ပြချက်များမှ ဖော်ထုတ်ရရှိသည့် ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုး ရေး၊ စားသုံးဆီဖူလုံစေရေးနှင့် ဆီစက်များ အဆင့်မြှင့်တင်ရေးဆောင်ရွက်ရန် လုပ်ငန်းစဉ်များကို စုစည်းဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)