ရန်ကုန်  ၅  ဇူလိုင် 

 

မြန်မာနိုင်ငံ ကဗျာဆရာ သမဂ္ဂက ကြီးမှူးကျင်းပသော ကဗျာဆွေးနွေးပွဲတစ်ရပ်ကို ဇူလိုင် ၇ ရက်၊ မွန်းလွဲ ၁ နာရီမှ ၄ နာရီအထိ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊ အမှတ် ၂၁၂၊ သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းရုံးချုပ် အစည်းအဝေးခန်းမတွင် ကျင်းပသွားမည်ဖြစ်သည်။

 

ကဗျာဆရာသမဂ္ဂ၏ ကဗျာညနေခင်း (၂)  အဖြစ် ဤကဗျာဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ ကဗျာဆရာ နှစ်ဦးဖြစ်သော မိုးဝေးနှင့် ဝင်းမြင့်တို့က ၎င်းတို့၏ ကဗျာများနှင့် ပတ်သက်၍ ကဗျာဖတ်ခြင်း၊ ဆွေးနွေးခြင်းတို့ ပြုလုပ်မည်ဖြစ်ပြီး ကဗျာပွဲကို ကုန်မာဆိုင်ထဲက ပွန်းပဲ့နေတဲ့အသံဟု အမည်ပေးထားကြောင်း၊ မူတည်ဆွေးနွေးမည့် ကဗျာ ၁၅ ပုဒ်စီကိုလည်း သမဂ္ဂရန်ပုံငွေအဖြစ် ကဗျာစာအုပ်ငယ်ထုတ်ဝေထားပြီး ယင်းအခမ်းအနားတွင် တစ်အုပ် ကျပ် ၁၀ဝ၀  နှုန်းဖြင့် အားပေးနိုင်မည်ဖြစ်ပြီး ထုတ်ဝေဖြန့်ချိဈေးအဖြစ် ကျပ်  ၂၀ဝ၀  သတ်မှတ်ထားကြောင်း ကဗျာဆရာ သမဂ္ဂဥက္ကဋ္ဌ မိုးကျော်သူက ဆိုသည်။

 

မြန်မာနိုင်ငံ ကဗျာဆရာ သမဂ္ဂသည် ကဗျာလှုပ်ရှားမှုများကို လစဉ်ပြုလုပ်သွားရန် ရည်ရွယ်ထားပြီး အချို့ ကဗျာပွဲများကို မန္တလေး၊ ပျဉ်းမနားစသည့် ကဗျာဆရာ အင်အားစုများရှိရာ နယ်မြို့ကြီးများတွင်လည်း ကျင်းပသွားရန်ရှိကြောင်း သိရသည်။ ကဗျာဆရာသမဂ္ဂသည် ကဗျာညနေခင်း (၁) ကို ဇွန် ၈ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ဒဂုန်တာရာ ရာပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)