နေပြည်တော်၊ ဇန်နဝါရီ ၁၁

 

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့နီတိနှင့် ကျင့်ဝတ်များ Civics vs Ethics : Sustainable Tourism Development For Myanmar” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ပြည်သူ့နီတိသည် ပြည်သူပြည်သားများ အကျိုးစီးပွားတိုးတက်စေရန် နိုင်ငံသားတိုင်း စောင့်ထိန်းရမည်တို့ကို လမ်းညွှန်ထားခြင်း ဖြစ်ပါကြောင်း၊ ကိုယ်ကျင့်တရားဆိုင်ရာ မှန်ကန်သောအသိ၊ အပြုအမူများကို စနစ်တကျဝေဖန် ပိုင်းခြားကျင့်သုံးတတ်ရန်၊ လူ့အခွင့်အရေးများကို တန်ဖိုးထားလေးစားပြီး နိုင်ငံသားတစ်ဦး၏ တာဝန်ဝတ္တရားများကို လိုက်နာကျင့်သုံးတတ်ရန်၊ နိုင်ငံ့သားကောင်း အဖြစ်သာမက ကမ္ဘာ့နိုင်ငံသားတစ်ဦးအဖြစ် တန်ဖိုးထားပြုမူ နေထိုင်တတ်ရန် ဖြစ်ပါကြောင်း၊ ပြည်သူ့နီတိတွင် လူမှုကျင့်ဝတ် နယ်ပယ်၊ အခွင့်အရေးနှင့် တာဝန်နယ်ပယ်၊ စည်းကမ်းနှင့် ဥပဒေနယ်ပယ်နှင့်  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း နယ်ပယ်ဟူ၍  နယ်ပယ် (၄) ရပ်ရှိပါကြောင်း။

 

ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ကလည်း ဒေသခံများအတွက် အကျိုးကျေးဇူး အများဆုံးရရှိစေပြီး ခရီးသွားလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု အမွေအနှစ်များအပေါ် သက်ရောက်စေမည့် ဆိုးကျိုးများကို လျှော့ချရန်နှင့် ကမ္ဘာ့နိုင်ငံ အားလုံးအကြား စီးပွားရေး သာယာဝပြောရေး၊ ငြိမ်းချမ်းရေးနှင့် နားလည်မှုတို့ကို ချဲ့ထွင်နိုင်ရန် ရည်ရွယ်ပြီး ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်း ကျင့်ဝတ်များ (Global Code of Ethics for Tourism) ကို ချမှတ်ရေးဆွဲ ထားရှိပါကြောင်း၊ ခရီးသွားကဏ္ဍတွင် ပါဝင်ဆောင်ရွက်ကြသူများ၏ တာဝန်ရှိမှု၊ တာဝန်သိမှုသည်လည်း ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အရေးပါသော အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်သူ့နီတိအကြောင်း သိကောင်းစရာများ၊ ခရီးသွားကျင့်ဝတ်များ၊ ခရီးသွားလုပ်ငန်းနယ်ပယ်ရှိ စီးပွားရေးဆိုင်ရာကျင့်ဝတ်များ၊ လူ့အဖွဲ့အစည်းနှင့် ပရဟိတစသော ခေါင်းစဉ် အသီးသီးကို သေချာစွာ ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းက အလုပ်ရုံ ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇေယျာထွန်းတို့က Keynote Speaker များအဖြစ် ဆွေးနွေးပြောကြားသည်။

 

ယင်းနောက်  ပြည်သူ့နီတိဆိုင်ရာ ပညာပေးခြင်း၊ ခရီးသွားဧည့်သည်များ၏ ကျင့်ဝတ်များ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်း အဖွဲ့အစည်းများ၏ ကျင့်ဝတ်များ၊ ဒေသခံပြည်သူများနှင့် စေတနာ့ဝန်ထမ်းများ၏ ကျင့်ဝတ်များစသည့် ခေါင်းစဉ်များဖြင့် အဖွဲ့ (၄) ဖွဲ့ခွဲ၍ ဆွေးနွေးခဲ့ကြပြီး အဖွဲ့ကိုယ်စားလှယ်များက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် စကားဝိုင်းဆွေးနွေးမှုများ ပြုလုပ်သည်။

 

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ၏ သဘာပတိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦးက အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်များကို အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး  ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

ယင်းနောက် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြသူများနှင့် အဖွဲ့လိုက်ကိုယ်စားပြုသူများကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်