နမ့်ဆန်    ၉     သြဂုတ်


ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဉက္ကဌ ပါမောက္ခဒေါက်တာ ဒေါ်မြသူ ဦးဆောင်သော အဖွဲ့နှင့် ဒေသဦးစီး အဖွဲ့ဝင်များ၊ နမ့်ဆန်မြို့နယ် ကြက်ခြေနီအသင်းခွဲအဖွဲ့တို့ ဒေသဦးစီးအဖွဲ့ခန်းမ၌ ယမန်နေ့ (၁၁) နာရီက တွေ့ဆုံ၍ မြိုနယ်ကြက်ခြေနီအသင်းရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံကြက်ခြေနီအသင်းဉက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူ၊ မြန်မာနိုင်ငံကြက် ခြေနီအသင်း ချိန်ပိုင်းအမှုဆောင် ဦးဂဲနက်စ်တို့က အစည်းအဝေး ပြုလုပ်ရသည့်ကိစ္စ၊ ကြက်ခြေနီ ရေးရာကိစ္စများ၊ ပြည်နယ်/တိုင်း၊ မြို့နယ်များတို့တွင် ကြက်ခြေနီရွေးကောက်ပွဲပြုလုပ်ရန် ရွေးချယ်ရေးစည်းမျဉ်းနှင့် စီမံချက်များကို ရှင်းလင်းသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC)မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်  ပူးပေါင်းဆောင်ရွက် လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး မြို့နယ် အသင်းခွဲများ ခြောက်လတာကာလအတွင်း လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။


ယင်းနောက်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဉက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူက ဒေသဦးစီးအဖွဲ့အား Small First aid Kits နှင့် ကျောင်းတွင်း ကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း ဖွင့်လှစ်နိုင်ရန်အတွက်  အလှူငွေ ကျပ် (၁၀ဝ၀ဝ၀)တိတိကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


အောင်မိုး (နမ့်ဆန် ပြန်/ဆက်)