ရန်ကုန် ၂၄ ဩဂုတ်
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ရှင်သန်ခြင်း(ကြည့်မြင်တိုင်) လူမှုကူညီရေးအသင်း၊ ပရဟိတ နှလုံးသား (ရန်ကုန်) လူမှုကူညီရေးအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ပြီး သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ထို့နောက် အနောက်ပိုင်းခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ အောင်ခင်က သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ကာ သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား အသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်က ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် သင်တန်းဖြစ်မြောက်ရေးအတွက် အကူအညီပေးခဲ့ကြသူများအား ကျေးဇူးတင် ဂုဏ်ပြုလွှာများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး နှင့် တာဝန်ရှိသူများက ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီး ကြည့်မြင်တိုင်မြို့နယ် အမှတ်(၄)အခြေခံ ပညာအလယ်တန်းကျောင်းအတွက် နှာခေါင်းစည်း၊ မျက်နှာအကာ၊ လက်သန့် ဆေးရည်နှင့် ပိုးသတ်ဆေးဖျန်းပုံးတို့ကို ပေးအပ်လှူဒါန်းသည်။ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို သုံးရက်တာ သင်ကြားပို့ချခဲ့ပြီး သင်တန်းသို့ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် မြို့နယ်များရှိ လူမှုကူညီရေးအသင်းများမှ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း ၇၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းအောင်(MRCS)


